မန္တလေး အိုးဘိုထောင်မှ တက္ကသိုလ်ဝင်တန်းအောင်သူများကို အဝေးသင်တက်ခွင့်ရရန် ဆောင်ရွက်နေ

မန္တလေး အိုးဘိုထောင်မှ တက္ကသိုလ်ဝင်တန်းအောင်သူများကို အဝေးသင်တက်ခွင့်ရရန် ဆောင်ရွက်နေ

မန္တလေး၊ဇူလိုင် ၂၂ ။            ။ မန္တလေးဗဟိုအကျဉ်းထောင်(အိုးဘို)မှ ၂၀၁၇ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည့် ကျောင်းသား၊ကျောင်းသူ ရ ဦးကို မန္တလေးမြို့၊ရတနာပုံတက္ကသိုလ်၌ အဝေးသင် တက်ရောက်သင်ကြားခွင့်ရရှိရန် စီစဉ်ဆောင်ရွက်နေသည်ဟု မန္တလေးဗဟိုအကျဉ်းထောင်(အိုးဘို)မှ ညွှန်ကြားရေးမှူး ဦးချိုဝင်းထွန်းက ပြောသည်။

ဇူလိုင်လ ၂၂ ရက်၊နံနက်ပိုင်းက ပြုလုပ်သည့် စာမေးပွဲအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများ နှင့် ဆရာ၊ဆရာမများ ဂုဏ်ပြုပွဲအပြီးတွင် မီဒီယာများနှင့်တွေ့ဆုံ၍ ပြောလိုက်ခြင်းဖြစ်သည်။

"ရတနာပုံတက္ကသိုလ်က ဆရာတွေနဲ့တွေ့ဆုံညှိုနှိုင်းမှုတွေလုပ်နေပါတယ်။သူတို့ကလည်း လိုအပ်ရင် ဒီကိုလာသင်ပေးမယ်လို့ပြောပါတယ်။အဝေးသင်မှာရှိတဲ့ မေဂျာတွေပဲ တက်ခွင့်ရမှာပါ။ အဝေးသင်မှာ မရှိတဲ့မေဂျာတွေတော့ တက်ခွင့်ပြုမှာ မဟုတ်ပါဘူး။ သူတို့အတွက် လုံခြံုရေးလည်း ရှိပါတယ်။" ဟု ညွှန်ကြားရေးမှူး ဦးချိုဝင်းထွန်းက ပြောသည်။

မန္တလေးဗဟိုအကျဉ်းထောင်(အိုးဘို)မှ ၃ ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ တစ်ဦး၊၁ ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ ၄ ဦးနှင့် ရိုးရိုးဖြင့်အောင်သူ ၂ ဦးရှိခဲ့ပြီး ၎င်းတို့ကို ရတနာပုံတက္ကသိုလ်၌ အဝေးသင် တက်ရောက်ခွင့် ခွင့်ပြုပေးသွားမည်ဖြစ်သည်။

၃ဘာသာဂုဏ်ထူးရှင် မရွှန်းလဲ့ဝေကျော်မှာ စီးပွားရေးတက္ကသိုလ်သို့တက်ရောက်သင်ကြားလိုသည့် ဆန္ဒရှိနေကြောင်း သိရသည်။

၃ဘာသာဂုဏ်ထူးရှင် မရွှန်းလဲ့ဝေကျော်က "သမီးတက်ချင်တာတော့ စီးပွားရေးတက္ကသိုလ်ပါ။အဘ ညွှန်မှူးကတော့ ကြိုးစားပေးမယ်ပြောပါတယ်။တက်ခွင့်ရမယ်လို့ ယုံကြည်ပါတယ်။"ဟု ပြောသည်။

မန္တလေးဗဟိုအကျဉ်းထောင်(အိုးဘို)တွင် ယခုနှစ်တွင်လည်း တက္ကသိုလ်ဝင်တန်းဖြေဆိုရန် စာသင်ကြားနေသူ ၅၂ ဦးရှိနေသည်ဟု ညွှန်ကြားရေးမှူး ဦးချိုဝင်းထွန်းကဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly