တရုတ်နိုင်ငံရှိ စားသောက်ဆိုင်တစ်ဆိုင်၌ ဂက်စ်အိုးပေါက်ကွဲမှုကြောင့် နှစ်ဦးသေဆုံးပြီး ၅၅ ဦး ဒဏ်ရာရ

တရုတ်နိုင်ငံရှိ စားသောက်ဆိုင်တစ်ဆိုင်၌ ဂက်စ်အိုးပေါက်ကွဲမှုကြောင့် နှစ်ဦးသေဆုံးပြီး ၅၅ ဦး ဒဏ်ရာရ

ဇူလိုင် ၂၁ ။                       ။ တရုတ်နိုင်ငံအရှေ့ပိုင်း ဟန်ကျိုးမြို့က စားသောက်ဆိုင်တစ်ဆိုင်မှာ ဇူလိုင် ၂၁ ရက်က ဂက်စ်အိုး ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့လို့ လူနှစ်ဦး သေဆုံးပြီး လူပေါင်း ၅၅ ဦးထိ ထိခိုက်ဒဏ်ရာတွေ အသီးသီး ရရှိသွားကြတယ်လို့ သိရပါတယ်။

ဇူလိုင်လ ၂၁ ရက် မနက်အစောပိုင်းမှာ ယင်းပေါက်ကွဲမှုဖြစ်ခဲ့ပြီးနောက် သွေးအလိမ်းလိမ်းနဲ့ ထိခိုက်ဒဏ်ရာရခဲ့သူတွေရဲ့ ဓာတ်ပုံတွေ တရုတ်မီဒီယာတွေထက်မှာ   ပြန့်နှံ့လာခဲ့ပါတယ်။   ပေါက်ကွဲမှုဖြစ်ပြီး နှစ်ထပ်အဆောက်အအုံ ယင်းစားသောက်ဆိုင်ဟာလည်း မီးလောင်သွားခဲ့တယ်လို့လည်း သိရပါတယ်။

ဒီဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရသူတွေအနက်က ၁၂ ယောက်လောက်က အခြေအနေ စိုးရိမ်ရတယ်လို့လည်း ဆိုပါတယ်။ ပြင်းထန်လွန်းလှတဲ့ ပေါက်ကွဲမှုအရှိန်ကြောင့် အနီးအနားမှာ ရပ်ထားခဲ့တဲ့ ကားတွေရဲ့ ဘေးမှန်တွေပါ ကွဲထွက်သွားခဲ့တယ်လို့ ဒေသအာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

အဆိုပါ စားသောက်ဆိုင်မှာ ပေါက်ကွဲမှုဖြစ်ပြီး လောင်ခဲ့တဲ့မီးကိုတော့ မီးသတ်ကား ၁၂ စီးနဲ့ လာရောက်ငြိှမ်းသတ်ခဲ့ရပါတယ်။

ဟန်ကျိုးမြို့ဟာဆိုရင် နှစ်စဉ်နှစ်တိုင်း သန်းနဲ့ချီတဲ့ ခရီးသွားတွေ လာရောက်ရာ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

တရုတ်မှာတော့ ယင်းလိုမျိုး ပေါက်ကွဲမှုဖြစ်စဉ်တွေ မကြာခဏဆိုသလို ဖြစ်နေခဲ့တာကို တွေ့ရပြီး လုပ်ငန်းခွင်ဘေးကင်းရေး စည်းမျဉ်းတွေ ချမှတ်လုပ်ဆောင်မှုအပိုင်းမှာလည်း အားနည်းနေလျက် ရှိပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly