အလုပ်ထုတ်ခံထားရသည့် ရွှေမန်းတောင် ဂေါက်အိတ်ထမ်း အလုပ်သမားများ ဒုက္ခသည် စခန်းဖွင့်မည်

အလုပ်ထုတ်ခံထားရသည့် ရွှေမန်းတောင် ဂေါက်အိတ်ထမ်း အလုပ်သမားများ ဒုက္ခသည် စခန်းဖွင့်မည်

မန္တလေး၊ဇူလိုင် ၂၁ ။        ။ မန္တလေးမြို့ ၊ အောင်မြေသာစံမြို့နယ် ရွှေမန်းတောင်ဂေါက်ကွင်းမှ ဂေါက်အိတ်ထမ်း အလုပ်သမား ရ၀ အလုပ်ထုတ်ခံထားရသည့်အတွက် စားဝတ်နေရေး အခက်အခဲများဖြစ်ပေါ်နေခြင်းကြောင့် ဒုက္ခသည်စခန်းဖွင့်လှစ်သွားမည်ဟု အလုပ်ထုတ်ခံထားရသည့် ဂေါက်အိတ်ထမ်း အလုပ်သမားများက ဇူလိုင်လ ၂၁ ရက်၊နံနက် ၁၀ နာရီက ရွှေမန်းတောင်ဂေါက်ကွင်းအရှေ့ဘက်ရှိ "ဌေးဦး ကဖေး"တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

ရွှေမန်းတောင်ဂေါက်ကွင်းမှ ဂေါက်အိတ်ထမ်းအလုပ်သမားများကို အောက်တိုဘာ ၅ ရက် နှင့် ၉ ရက်တို့တွင် အလုပ်မှ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ထုတ်ပယ်ခြင်းမှာ ဥပဒေနှင့် ညီညွှတ်မှု မရှိခြင်းကြောင့် ခုံသမာဓိကောင်စီသို့ တိုင်ကြားခဲ့ရာ ခုံသမာဓိကောင်စီက ဂေါက်အိတ်ထမ်း အလုပ်သမားများမှာ ဥပဒေအား ဆန့်ကျင်ချိုးဖောက်မှုမရှိသဖြင့် နည်းဥပဒေ-၂၃(စ)၊ပုံစံ-၁၁ အရ အလုပ်ပြန်လည်ခန့်အပ်ရန် ၂၀၁၇ခုနှစ်၊ဇန်နဝါရီလ ၁ ရက်က ဆုံးဖြတ်ချက်ချထားခဲ့သော်လည်း ဂေါက်အိတ်ထမ်းအလုပ်သမားများကို ယနေ့အချိန်အထိ အလုပ်ပြန်လည်ခန့်ထားခြင်းမရှိသောကြောင့် မိသားစုဝင်များပါ စားဝတ်နေရေးအခက်အခဲဖြစ်ပေါ်နေခြင်း ဖြစ်သည်ဟု ဂေါက်အိတ်ထမ်း အလုပ်သမား ကိုသောင်းတင်ဝင်းက သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

"အလုပ်ထုတ်ထားတာ ရက်ပေါင်း ၃၀၀ နီပါးရှိပြီ။ အခုချိန်ထိ အလုပ်ပြန်မခန့်ဘူး။ ကျွန်တော်တို့ ဒီကွင်းမှာ လုပ်လာတာ အနှစ် ၂၀ ကျော်ပြီ တခြားလည်း ဘာမှမလုပ်တတ်ဘူး။ကျွန်တော်တို့ မှီခိုနေတဲ့ မိသားစုတွေ ကျန်းမာရေး၊ပညာရေးကအစ စားဝတ်နေရေးအထိ အခက်အခဲတွေ ဖြစ်နေတယ်။ကျွန်တော့်တို့ကို အလုပ်ပြန်ခန့်မပေးဘူးဆိုရင် ဒုက္ခသည် စခန်းဖွင့်လှစ်သွားပါမယ်။"ဟု ကိုသောင်းတင်ဝင်းကပြောသည်။

ရွှေမန်းတောင်ဂေါက်ကွင်းမှ ဥပဒေနှင့်ညီညွှတ်မှုမရှိဘဲ အလုပ်ထုတ်ခဲ့ခြင်းနှင့် အလုပ်ပြန်လည်ခန့်အပ်ပေးရန် အတွက် အစိုးရအဖွဲ့ နိုင်ငံတော်သမ္မတအပါအဝင် သက်ဆိုင်ရာ ဌာနအသီးသီးကို ဇူလိုင်လ ၁၇ ရက်က အသိပေးအကြောင်းကြားစာပေးပို့ထားခဲ့ပြီး ဇူလိုင်လ ၂၆ ရက်နောက်ဆုံထား၍ သက်ဆိုင်ရာဝန်ကြီးဌာနများက လာရောက်ညှိုနှိုင်းမပေးလျှင် ဇူလိုင်လ ၂၇ ရက်မှစတင်၍ ရွှေမန်းတောင်ဂေါက်ကွင်းရှေ့တွင် ဒုက္ခသည်စခန်းဖွင့်လှစ်သွားမည်ဟု ဂေါက်အိတ်ထမ်းအလုပ်သမား ကိုကျော်နန်းဦးက သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

၂၀၁၆ ခုနှစ်၊အောက်တိုဘာလ ၉ ရက်က ဂေါက်အိတ်ထမ်း အလုပ်သမားတစ်ဦး အထုတ်ခံရခြင်းနှင့် အလုပ်သမားများကို ဂေါက်ကွင်းအာဏာပိုင်များက ဖိနှိပ်ချုပ်ချယ်မှုများရှိနေသည်ဟုဆိုကာ ဂေါက်အိတ်ထမ်းအလုပ်သမား အချို့က ထိုင်သပိတ်ပြုလုပ်ခဲ့ခြင်းကြောင့် အလုပ်ထုတ်ခံခဲ့ရခြင်း ဖြစ်သည်ဟု အလုပ်သမားများက သတင်းစာရှင်းလင်းပွဲတွင်ဆိုသည်။

" ကျွန်တော်တို့ မှီခိုနေတဲ့ မိသားစုတွေ အကုန်အခဲဖြစ်နေတယ်။သက်ဆိုင်ရာက အဖြေထွက်အောင် ဖြေရှင်းမပေးဘူး။ အခုလည်း ဖြေရှင်းမပေးသေးဘူးဆိုရင် ဒုက္ခသည်စခန်းဖွင့်ရုံပဲရှိတော့တယ်။"ဟု ကိုကျော်နန်းဦးက ပြောသည်။

အလုပ်ထုတ်ခံထားရသည့် ဂေါက်အိတ်ထမ်းအလုပ်သမား ရ၀ ဦးကို မှီခိုနေရသည့် မိသားစုဝင် ၂၅၀ ကျော်ရှိသည်ဟု ၎င်းတို့က သတင်းစာရှင်းလင်းပွဲတွင်ဆိုကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly