ဂရိနိုင်ငံရှိ ကော့စ်ကျွန်း၌ ပြင်းအား ၆.၇ ရှိသော ငလျင်လှုပ်ခတ်မှုကြောင့် ၂ဦးသေဆုံး

ဂရိနိုင်ငံရှိ ကော့စ်ကျွန်း၌ ပြင်းအား ၆.၇ ရှိသော ငလျင်လှုပ်ခတ်မှုကြောင့် ၂ဦးသေဆုံး

အေသင်၊ ဇူလိုင် ၂၁ ။                ။ ဂရိနိုင်ငံရှိ ကော့စ်ကျွန်း၌ သောကြာနေ့တွင် ပြင်းအား ၆.၇ရှိသောငလျင်တစ်ခု လှုပ်ခတ်ခဲ့သောကြောင့် အနည်းဆုံး လူနှစ်ဦးခန့်သေဆုံးခဲ့ပြီး သုံးဦးဒဏ်ရာရရှိခဲ့ကာ အိမ်ရာအဆောက်အဦး အများအပြား ထိခိုက်ပျက် စီးခဲ့ကြောင်း အာဏာပိုင်များက ပြောခဲ့သည်။

ငလျင်သည် ဒေသစံတော်ချိန် မနက် ၁:၃၀ နာရီခန့်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး အရက်ဘားတစ်ခု၏ အမိုးပြိုလဲခဲ့ သောကြောင့် လူနှစ်ဦးပိမိပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒါ့အပြင်ငလျင်ကြောင့် အိမ်အများအပြား ပျက်စီးဆုံးရှုံးခဲ့ပြီး နောက်တစ်ကြိမ်ထပ်မံ လှုပ်ခတ်မည့် ငလျင်များကို ကြောက်ရွံ့သောကြောင့် နေထိုင်သူများသည် အိမ်အပြင်သို့ထွက်ပြေးခဲ့ကြကြောင်း သိရသည်။

ငလျင်ကြောင့် ကော့စ်ကျွန်း၏သုံးပုံတစ်ပုံခန့်တွင် လျှပ်စစ်မီးပြတ်တောက်ခဲ့ပြီး ငလျင်ဗဟိုသည် ကျွန်းနှစ်ခုကြား ရှိ အနက်ကီလိုမီတာ ၁၀ခန့်မှ လှုပ်ခတ်ခဲ့ခြင်းဖြစ်သောကြောင့် ရိုဒက်စ်ကျွန်းတွင်လည်း ထိခိုက်ခံစားခဲ့ရသည် ဟု အေသင်ရှိ ဘူမိဗေဒလှုပ်ရှားမှု တိုင်းတာသည့်အဖွဲ့အစည်းက ပြောကြားခဲ့သည်။

ငလျင်ကြီးပြီးနောက်တွင် ပြင်းအား ၅.၁ ရှိသော နောက်ထပ်ငလျင်တစ်ခုသည် လီရော့စ်ကျွန်း၌ အနက် ၁၀ ကီလိုမီတာမှ ထပ်မံလှုပ်ခတ်ခဲ့ပြီး ထို့နောက်တွင် ပြင်းအား ၄.၆၊ ၄.၅ နှင့် ၄.၇ ရှိသော ငလျင်သေးများ ဆက်တိုက်ဆိုသလို လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly