ဦးမြသန်းအား ရခိုင်အမျိုးသားပါတီ (ANP)မှ ထုတ်ပယ်

ဦးမြသန်းအား ရခိုင်အမျိုးသားပါတီ (ANP)မှ ထုတ်ပယ်

စစ်တွေ၊ ဇူလိုင် ၂၁ ရက်။                    ။  မြေပုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမြသန်းအား ရခိုင်အမျိုးသားပါတီ (ANP)မှ ဇူလိုင်လ ၁၇ ရက်နေ့က ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ဦးမြသန်းသည် ပါတီမှချမှတ်ထားသော မှုဝါဒလမ်းညွန်ချက်များကို ဖောက်ဖျက်ကာ ပါတီ၏ခွင့်ပြုချက်မရှိဘဲ ရခိုင်ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌ နေရာကို ဝင်ရောက်ယှဉ်ပြိုင်သောကြောင့် ဇူလိုင်လ ၁၇ ရက်နေ့ ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။

“ရခိုင်အမျိုးသားပါတီမှာ ပါတီဝင်တိုင်း လိုက်နာသင့်တဲ့ စည်းကမ်းချက်တွေ ရှိပါတယ်။ ပါတီမှာ ပြဌာန်းထားတဲ့ မှုဝါဒတွေကို မည်သည့်ပါတီအဖွဲ့ဝင်မဆို လေးစားလိုက်နာဖို့ လိုအပ်ပါတယ်။ အဲဒီလိုလေးစားမှုတွေဟာ ပါတီ၏ ရေရှည်တည် တံ့ခိုင်မြဲမှုတွေနဲ့လည်း သက်ဆိုင်ပါတယ်။ ဒီအပေါ်မှာ ဦးမြသန်းဟာ ပါတီရဲ့ ခွင့်ပြုချက်မရှိဘဲ ဒုဥက္ကဋ္ဌနေရာကို ဝင်ပြိုင်တာဟာ ပါတီရဲ့ စည်းကမ်းချက်တွေကို  ဖောက်ဖျက်ရာရောက်တဲ့အတွက် ပါတီက ထုတ်ပယ်လိုက်ရခြင်း ဖြစ်ပါတယ်”ဟု ဦးထွန်းအောင်ကျော်က ပြောသည်။

ရခိုင်ပြည်လွွှတ်တော် ဒုဥက္ကဋ္ဌနေရာကို ယှဉ်ပြိုင်ရရှိသွားသော ဦးမြသန်းသည် ပါတီ၏ စည်းကမ်းချက်များကို ချိုးဖောက်ပြီး ၀န်ကြီးဦးကျော်လွင်၏ အဆိုပြုချက်ကို လက်ခံပြီး ဒုဥက္ကဋ္ဌနေရာကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ကာ ရခိုင်အမျိုးသားပါ တီ၏ စည်းကမ်းချက်နှင့်ကိုက်ညီ၍ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရသည့် ဦးအောင်ဝင်း မဲရှုံးနိမ့်မှုအပေါ် ပါတီအတွင်းပြိုကွဲမှုများ   ဖြစ်နေပြီဆိုသော   ပြည်သူများ၏ ဝေဖန်မှုများထွက်ပေါ်လျှက် ရှိကြောင်းလည်း ၎င်းကဆက်ပြောသည်။

“ဦးမြသန်းဟာ ၀န်ကြီးဦးကျော်လွင်ရဲ့အဆိုပြုချက်ကို လက်ခံပြီးတော့ ဒုဥက္ကဋ္ဌနေရာကို ဦးအောင်ဝင်းနှင့်အတူ ယှဉ်ပြိုင်ခဲ့ပါတယ်။ ပါတီက မဲဆန္ဒရှင်အဖြစ်ယှဉ်ခွင့်ပြုထားတဲ့ ဦးအောင်ဟာ မဲရှုံးပြီးတော့ ၀င်ရောက် ယှဉ်ပြိုင်ခွင့်မပြုတဲ့ ဦးမြသန်းက မဲနိုင်သွားတော့ မဲဆန္ဒရှင် အမတ်တွေနဲ့ ပြည်သူလူထုတွေက ANP ပါတီက ခေါင်းဆောင်တွေ အချင်းချင်းစည်းလုံးမှုပြိုကွဲနေပြီဆိုတဲ့ဝေဖန်ချက်တွေကို ကျွန်တော်တို့ ခံခဲ့ရပါတယ်။”ဟု ဦးထွန်းအောင်ကျော်ကပြောသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဖေဖဝါရီလတွင် ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ကို တင်မြှောက်ရန်အတွက် ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီအနေနဲ့ စည်းကမ်းလမ်းညွန်မှုများကို ချမှတ်ခဲ့ရာ ၎င်းလမ်းညွန်ချက်များအတိုင်း ရခိုင်ပြည်နယ်လွွှတ်တော် ဥက္ကဋ္ဌနှင့် ဒု-ဥက္ကဋ္ဌကို အောင်မြင်စွာ တင်မြောက်နိုင်ခဲ့ပြီး ယခု လစ်လပ်နေသော ဒု-ဥက္ကဋ္ဌ နေရာကို ဦးမြသန်းက ပါတီစည်းကမ်းဖောက်ဖျက်ပြီး ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ယှဉ်ပြိုင်သည့် အတွက် ပါတီစည်းကမ်းထိမ်းသိမ်းရေးကော်မတီမှ ပါတီစည်းကမ်းဖောက်ဖျက်မှု အချက်အလက်ခိုင်လုံစွာဖြင့် ပါတီမှထုတ် ပယ်လိုက်ခြင်းဖြစ်ကြောင်းလည်း ဦးအောင်ကျော်ထွန်းက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly