ဇူလိုင်လ ၂၀ ။ ။ ယနေ့ ဇူလိုင်လ ၂၀ ရက်မှ စတင်ကာ ယာဉ်နောက်လိုက်များကို အနားပေးရန် YART မှ ကြေညာခဲ့ပြီးနောက် ယာဉ်နောက်လိုက်များက အလုပ်အကိုင် အခက်အခဲရှိကြောင်း ပြောခဲ့ကြသည်။
ယာဉ်နောက်လိုက်များ မပါရှိတော့ဘဲ Cash Box (ပိုက်ဆံထည့်ပုံး)များကိုထားရှိသွားမည်ဟု ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင် ရေးကြီးကြပ်မှုအာဏာပိုင်အဖွဲ့ (YRTA) က ယနေ့ ဇူလိုင်လ ၂၀ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
"ယာဉ်နောက်လိုက်တွေ မလိုက်ရတော့ဘူးဆိုတော့ လောလောဆယ်ဘာအလုပ်မှ မလုပ်တတ်ဘူး။ ကျောင်းထွက်ပြီး ဒီအလုပ်ကိုလုပ်ခဲ့တာဆိုတော့ ဘာအလုပ်မှ ဆက်လုပ်ဖို့မရှိတော့ဘူး။ အိမ်မှာပဲနေရတော့မယ် ။ ရှစ်တန်းကတည်းကကျောင်းထွက်ပြီး ဒီအလုပ်ကိို လုပ်ခဲ့တာဆိုတော့"ယာဉ်နောက်လိုက်လုပ်သက် ၃နှစ်ရှိပြီဖြစ်တဲ့ ယာဉ်လိုင်း၄၀မှ ကိုစိုးသီဟက ပြောသည်။
ယနေ့ ဇူလိုင်လ ၂၀ ရက်၊ မနက် ၈နာရီခန့်မှစတင်ကာ YBS ၂၃၊ YBS ၆၊ YBS ၄၀၊ YBS ၃၉၊ YBS ရ၉၊ YBS ၄၂ စုစုပေါင်း ယာဉ်လိုင်း ၆ ခုခန့်မှ ယာဉ်နောက်လိုက်များကို အလုပ်ပြန်ခန့်ထားပေးရန် ယာဉ်လုပ်သား အင်အား၄၀၀ ခန့် ရွှေပြည်သာမြို့နယ်၊ ယာဉ်လိုင်းအမှတ်(၄၀)ကားဂိတ်၌ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဇူလိုင် ၂၀ ရက်တွင် Cash Box (ပိုက်ဆံထည့်ပုံး) တပ်ဆင်ကာ စပယ်ယာများအား ကားပေါ်တွင်မတင်တော့ကြောင်းကို ဇူလိုင် ၁၈ ရက်နေ့တွင် အသိပေးခဲ့ပြီး ယာဉ် မောင်း/ရောင်း များနှင့် တိုင်ပင်ဆွေးနွေးခြင်းလုံးဝမရှိခဲ့ကြောင်း ယာဉ်မောင်းသူများထံမှ သိရသည်။
"ပိုက်ဆံပုံးတင်တာတော့ ကျွန်တော်မပြောချင်ပါဘူး ။ စပယ်ယာနှစ်ယောက်စလုံးကိုဖြုတ်လိုက်တယ်ဆိုတာတော့ မဖြစ်စေချင်ဘူးပေါ့ဗျာ ။ ပိုက်ဆံမကိုင်နဲ့ဆို မကိုင်ဘူး ။ ကားတစ်စီးမှာစပယ်ယာတစ်ယောက်ရှိမှ အဆင်ပြေတာဗျ"ဟု ယာဉ်လိုင်းနံပါတ်၄၀မှ ယာဉ်မောင်း ဦးစိုးနေမင်းကဆိုသည်။
သက်ကြီးရွယ်အိုများ ယာဉ်အတက်အဆင်းကူညီရန်၊ နယ်မှလာသောခရီးသည်များအတွက် အထုတ်အပိုးတင်ချပေးရန်နှင့် မှတ်တိုင်မသိသူများရှိနေသည့်အတွက် ယာဉ်နောက်လိုက်ထားပေးရန်လိုအပ်ကြောင်း ၎င်းယာဉ်မောင်းက ထပ်မံ ပြောသည်။
ယာဉ်နောက်လိုက်များကို အနားပေးလိုက်ခြင်းအေပေါ် ယာဉ်နောက်လိုက်အနေဖြင့်မဟုတ်ဘဲ အခြား အလုပ်ပြန်ခန့်စေချင်ကြောင်း ယာဉ်အကူတစ်ဦးက ပြောသည်။
"သူတို့အနေနဲ့ ပြန်ခန့်ပေးစေချင်တယ် ။ ကားရေဆေးတာပဲဖြစ်ဖြစ် ၊ ကားဘီးဖြုတ်တာတို့ အဲ့လိုမျိုးလစာကောင်းကောင်းနည်းနည်းလေးပေါ့ အခြေအနေကောင်းနိုင်မယ့့်လစာမျိုးဆို ပြန်လုပ်မှာပါ"ဟု YBS ယာဉ်နောက်လိုက်အဖြစ် လုပ်ပ်ကိုင်ခဲ့သူ ကိုစိုးသီဟက ပြောသည်။
ယာဉ်လိုင်းနံပါတ်၄၀မှ ယာဉ်လိုင်းကြီးကြပ်သူဦးလှိုင်မြင့်က ယာဉ်နောက်လိုက်ဖြုတ်ခိုင်းသည်ထက် မလိုက်ခိုင်းရန်ဖြစ်သည့်အတွက် ကုမ္ပဏီအနေဖြင့် တခြားသောနေရာများအတွက် ပြန်လည်ခန့်ထားပေးရန်အစီစဉ်ရှိလိမ့်မည်ဟု ထင်မြင်ကြောင်း သူက ပြောသည်။
လက်ရှိတွင် YUPT (ရန်ကုန်မြို့ပြအများပြည်သူ သယ်ယူပို့ဆောင်ရေး )မှ ယာဉ်နောက်လိုက်များအား ဇူလိုင်လ ၁၃ ရက်မှ စတင်ကာ ရုံးဆင်းရုံးတက်ချိန်များတွင် ကားမှတ်တိုင်များ၌ ငွေအကြွေလဲဝန်ထမ်းအဖြစ် ခန့်ထားခဲ့သည်။
ဝန်ထမ်းများကို တစ်နေ့ ၆ထောင်နှုန်းထားဖြင့် YUPTကုမ္ပဏီမှ ၎င်းတို့ယာဉ်နောက်လိုက်များ အလုပ်ကိုင်ရရှိစေရေးအတွက် ငွေရေတွက်သည့်နေရာများ၊ အကြွေလဲလှယ်ပေးသည့် နေရာများအတွက် ယခုလ ပထမပတ်အတွင်းတွင် ပြန်လည် အလုပ်ခေါ်ယူခဲ့ခြင်းဖြစ်သည်။