ပြည်မြို့တွင် ရေဝင်အိမ်ခြေ နှင့် ဒုက္ခသည်ဦးရေ ထပ်တိုးလာ

ပြည်မြို့တွင် ရေဝင်အိမ်ခြေ နှင့် ဒုက္ခသည်ဦးရေ ထပ်တိုးလာ

ပြည်၊ ဇူလိုင်၂၀ ။                   ။ ဧရာဝတီ မြစ်ရေကြီးသည့်အတွက် ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့တွင် လူနေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ပြီး ဇူလိုင်လ ၁၉ ရက်တွင် ရေဝင်အိမ်ခြေ ၁၅၀၀ ကျော်အထိ ရှိလာခဲ့ပြီး ဒုက္ခသည် ၂၀၀၀ ခန့်   ကယ်ဆယ်ရေး စခန်းများတွင် ခိုလှံုနေရကြောင်း သိရသည်။

“ရွှေပလ္လင်မှော် ၊ ၀ါဆို နဲ့ တံတားထိပ် တိုးတယ်။ အေးမြသာယာလည်း ရေဝိုင်းနေပြီ”ဟု နဝင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး  ရုံးစာရေး ဦးမျိုးဇော်ဝင်းက ဆိုသည်။

ဇူလိုင်လ ၁၉  ရက်တွင် ပြည်မြို့နဝင်းနယ်မြေ ဖိုးခေါင်ရပ်ကွက်မှ အိမ်ခြေ ၆၇၁ လုံး ၊ မာလကာကုန်းရပ်ကွက်မှ အိမ်ခြေ ၁၂၆ လုံး ၊ ဘောဂရပ်ကွက်မှ အိမ်ခြေ ၉၁ လုံး ၊ နဝင်းမြောက် မှ အိမ်ခြေ ၂၂၁ လုံး ၊ နဝင်းလယ်မှ အိမ်ခြေ ၄၆ လုံး ၊ ရွှေပလ္လင်မှော်အောက်ချိုင့် မှ အိမ်ခြေ ၁၂၄ လုံး ၊ ၀ါရုံတာရိုးမှ အိမ်ခြေ ၂၃၇ လုံး စုစုပေါင်း အိမ်ခြေ ၁၅၁၆ လုံးရေဝင်မှုရှိခဲ့သည်ဟု နဝင်းနယ်မြေအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ဇူလိုင် ၁၉  ရက်အထိ ၀ါဆိုဘုန်းတော်ကြီးကျောင်းနှင့် နဝင်းချောင်းကူးတံတားချဉ်းကပ်လမ်းတွင်  အိမ်ထောင်စု ၂၁၀ ခု  လူဦးရေ ရ၃၇ ဦး  ၊ နဝင်းတာရိုးပေါ်တွင် အိမ်ထောင်စု ၂၆၇ ခု လူဦးရေ ၁၀၄၀ဦး  ၊  ရွှေပလ္လင်မှော် ဘုရားပေါ်တွင် အိမ်ထောင်စု ၄၆ ခု လူဦးရေ ၂၀၅ ဦး  စုစုပေါင်း အိမ်ထောင်စု ၅၂၃ ခု လူဦးရေ ၁၉၈၂  ခိုလှံုနေကြသည်။ ဒုက္ခသည်အများစုမှာ နေစရာ  မရသေးဘဲ  သောက်သုံုးရေအခက်အခဲ နှင့်ပါကြံုတွေ့နေရသည်။

“အိမ်က လုံးလုံးမြှုပ်နေတာ ။  တဲမထိုးနိုင်တော့ ဒီလိုပဲ အစ်မတွေနဲ့ပဲ  ကျပ်ကျပ်တည်းတည်း နေရတယ်။ တဲထိုးဖို့ အနည်းဆုံး ခုနှစ်သောင်းရှစ်သောင်းကုန်တယ်”ဟု ဖိုးခေါင် ရပ်ကွက်နေ ရေဘေးဒုက္ခသည် အမျိုးသမီးတစ်ဦးက ဆိုသည်။

ဇူလိုင်လ ၁၉ ရက်  ညနေ ၆ နာရီ တိုင်းတာရရှိချက်အရ ဧရာဝတီမြစ်ရေသည် ပြည်မြို့တွင် ၂၈၆၂ စင်တီမီတာ  ရှိပြီး စိုးရိမ်ရေအမှတ်  ၂၉၀၀ စင်တီမီတာသို့ရောက်ရန် ၃၈ စင်တီမီတာ သာ လိုတော့ကြောင်း ပြည်ခရိုင် မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနရုံးမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly