မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ရေဘေးအတွက် အီးယူ ပေါင် ၁၅သိန်း အကူအညီပေး

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ရေဘေးအတွက် အီးယူ ပေါင် ၁၅သိန်း အကူအညီပေး
ဧရာဝတီတိုင်းအတွင်းရှိ ကျေးရွာတစ်ခုတွင် ရေကြီးရေလျှံနေသည်ကိုသြဂုတ် ၄ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ- ဟောင်ဆာ၊ရာမည)

ရန်ကုန် (မဇ္ဈိမ) ။       ။ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် ထောင်ပေါင်းများစွာသော ပြည်သူများ ရေကြီးမြေပြိုမှုကြောင့် ဘေးဒုက္ခများရင်ဆိုင်နေရလျက်ရှိရာ အီးယူက အရေးပေါ် အကူအညီများနှစ်နိုင်ငံ စလုံးအတွက် ထောက်ပံ့ပေးနေပြီး မြန်မာနိုင်ငံက ပေါင် တစ်သန်းနှင့် ဘင်္ဂလားဒေ့ရှ်က ပေါင် ငါးသိန်း ရရှိမည်ဟု အီးယူက ထုတ်ပြန်ထားသည်။

"မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က ရေဘေးကြုံပြည်သူတွေအတွက် အီးယူအသင့်ရှိပါတယ်။ မိုးဆက်ကြီးနေရင် အဓိက ဦးစားပေးရမှာက ပြည်သူတွေ ဘေးလုံခြုံရေးစိတ်ချရဖို့ လုပ်ဆောင်ရမှာပါ။ ပြီးမှ သူတို့ ဘဝတွေ ပြန်လည်ထူထောင်မှုကို လုပ်ကြရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ လူသားချင်းစာနာထောက်ထားရေး အကူအညီတွေကို ဘေးကြုံရာဒေသက ပြည်သူတွေဆီ လက်ငင်းပေးပို့ပေး မှာဖြစ်ပါ တယ်။"ဟု လူသားချင်းစာနာထောက်ထားရေးအကူအညီနှင့် ပဋိပက္ခများ ဖြေရှင်းမှုရေးရာ အီးယူကော်မရှင်နာမင်းကြီး Christos Stylianides က ပြောကြားသည်။

အီးယူက ယခုပေးအပ်သည့် အကူအညီသည် မရှိမဖြစ်လိုအပ်သည့် စားနပ်ရိက္ခာနှင့် အာဟာရ၊ ယာယီခိုလှုံရာ (Shutter)များ၊ သောက်သုံးရေနှင့် မိလ္လာရေဆိုးစနစ်တွေအတွက် အဓိက သုံးစွဲသွားရန်ဖြစ် သည်။

ယခု အကူအညီသည် လက်တွေ့မြေပြင်လိုအပ်ချက်များကို ခွဲဝေသတ်မှတ်ကာ ပထမဆုံးရန်ပုံငွေခွဲဝေလှုဒါန်းခြင်းနှင့် ထပ်တိုးထောက်ပံ့မှုများ လုပ်ဆောင်ပေးခြင်းတစ်ရပ် ဖြစ်နိုင်သည်။

အီးယူ၏ လူသားချင်းစာနာထောက်ထားရေး အကူအညီများပေးရာတွင် EU Civil Protection Mechanism ဆိုသည့် အီးယူလူမှုကာကွယ်ရေးယန္တရားယူနစ်ဖြင့် ဆောင်ရွက်ကူညီမှုများပြုလုပ်နေသည်။

ယင်းယူနစ်တွင် အီးယူအဖွဲ့ဝင် ၂၈ နိုင်ငံနှင့် မတ်စီဒိုနီးယား၊ အိုက်စလန်၊ မွန်တန်နီဂရိုး၊ နော်ဝေနှင့် ဆားဘီးယားစသည့် နိုင်ငံပေါင်း ၃၃ နိုင်ငံ ပူးပေါင်းပါဝင်ထားကြသည်။ ပါဝင်နိုင်ငံများက ကမ္ဘာအနှံ့ ရှိ ဘေးကြုံတွေ့သည့်နိုင်ငံများအတွက် အကူအညီပေးနိုင်ရေး အရင်းအမြစ်များကို ထည့်ဝင်စုစည်းထားကြခြင်းဖြစ်သည်။ ဥရောပကော်မရှင်က ယင်းယူနစ်ကို ERCC မှတစ်ဆင့် စီမံခန့်ခွဲခြင်းဖြစ်သည်။

မြန်မာနိုင်ငံရေဘေးအတွက် အီးယူ၊ အမေရိကန်၊ ဗြိတိန်၊ ဂျပန်နိုင်ငံတို့က လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly