သမ္မတရဲ့ ပြစ်တင်ကြိမ်းမောင်းမှုကို ခံခဲ့ရပြီးနောက် ပြင်သစ်စစ်ဦးစီးချုပ် ရာထူးမှ နှုတ်ထွက်သွား

သမ္မတရဲ့ ပြစ်တင်ကြိမ်းမောင်းမှုကို ခံခဲ့ရပြီးနောက် ပြင်သစ်စစ်ဦးစီးချုပ် ရာထူးမှ နှုတ်ထွက်သွား

ဇူလိုင် ၁၉ ။            ။ ကာကွယ်ရေးအသုံးစရိတ် လျှော့ချဖြတ်တောက်မယ့်ကိစ္စနဲ့ပတ်သက်လို့ သမ္မတ Emmanuel Macron နဲ့ အခြေအတင်ဖြစ်ခဲ့ရပြီးနောက် ပြင်သစ်စစ်ဦးစီးချုပ်ဖြစ်သူ Pierre de Villiers ရာထူးကနေ နှုတ်ထွက်သွားခဲ့ပါတယ်။

အသက် ၆၀ အရွယ် ပြင်သစ် စစ်တပ်အကြီးအကဲ Pierre de Villiers က သူ့အနေနဲ့ နိုင်ငံမှာ ဘဏ္ဍာရေးအကျပ်အတည်းတွေ ရှိနေတဲ့ကြားက စစ်တပ်ကို အကောင်းဆုံးအားဖြည့်ရပ်တည်ဖို့ ကြိုးစားခဲ့ကြောင်း၊ ဒါပေမယ့် သူမျှော်မှန်းထားသလို ဆက်လုပ်ဖို့ မဖြစ်နိုင်တော့ကြောင်း ထုတ်ပြန်ပြောဆိုသွားပါတယ်။

" လက်ရှိအခြေအနေအရ ကျွန်တော်အနေနဲ့ နိုင်ငံမှာ ခိုင်မာတောင့်တင်းတဲ့ စစ်တပ်တစ်ခု ထူထောင်ဖို့  ကျွန်တော့်ဘက်ကတော့ ဆက်ပြီး အာမမခံနိုင်တော့ပါဘူး၊ တကယ်ဆိုရင် ကျွန်တော်တို့ ပြင်သစ် လူထုတစ်ရပ်လုံးကို ကာကွယ်ပေးဖို့ အတွက် ခိုင်မာတဲ့ စစ်တပ်တစ်ခု ဖြစ်လာနိုင်ဖို့ဆိုတာ ခုအခြေအနေအရတော့ ဆက်လုပ်လို့ မဖြစ်နိုင်တော့ပါဘူး" လို့ ၎င်းက ပြောသွားပါတယ်။

ယခုလို Villiers ရဲ့ နှုတ်ထွက်စာကို သမ္မတ Macron က လက်ခံလိုက်ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ကာလက ပါလီမန်အမတ်တွေ ပါ၀င်တဲ့ တံခါးပိတ်အစည်းအဝေးတစ်ခုမှာ သမ္မတ Macron နဲ့  စစ်ဦးစီးချုပ် Villers တို့အကြား  စစ်အသုံးစရိတ်ဖြတ်တောက်လျှော့ချမယ့် ကိစ္စနဲ့ပတ်သက်လို့ စကားများခဲ့ကြတယ်လို့ သိရပါတယ်။ သမ္မတ Macron ရဲ့စစ်အသုံးစရိတ်လျှော့ချမယ့် အစီအစဉ်အပေါ် Villers က ကန့်ကွက်ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း သမ္မတ Macron က ၎င်းကို လူအများကြားမှာပဲ ပြစ်တင်ကြိမ်းမောင်းသွားခဲ့တယ်လို့ သိရပါတယ်။

"  ဒီလိုလုပ်ဖို့ ကျူပ်ပဲ ဆုံးဖြတ်ထားတာ၊ ကျုပ်က ခင်ဗျားအထက်ကလူပါ" ဆိုပြီး သမ္မတ Macron က အဆင့်မြင့်အရာရှိတွေအများအပြားတက်ခဲ့တဲ့အစည်းအဝေးမှာ Villers ကို ကြိမ်းမောင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly