ဖိလစ်ပိုင်တောင်ပိုင်းတွင် ထုတ်ထားသည့် စစ်အုပ်ချုပ်ရေး နှစ်ကုန်အထိသက်တမ်းတိုးဖို့ ဒူတာတေး စီစဉ်

ဖိလစ်ပိုင်တောင်ပိုင်းတွင် ထုတ်ထားသည့် စစ်အုပ်ချုပ်ရေး နှစ်ကုန်အထိသက်တမ်းတိုးဖို့ ဒူတာတေး စီစဉ်

ဇူလိုင် ၁၈ ။                ။ အစ္စလမ္မစ် စစ်သွေးကြွတွေကို အမြစ်ပြတ်သုတ်သင်နိုင်ဖို့ ရည်ရွယ်ပြီး နိုင်ငံတောင်ပိုင်းမှာ ထုတ်ထားတဲ့ စစ်အုပ်ချုပ်ရေး အမိန့်ကို သက်တမ်းတိုးဖို့ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးက စီစဉ်ကြိုးပမ်းနေပါတယ်။ ဒါပေမယ့်လည်း ဝေဖန်သူတွေကတော့ ဒီလိုစီစဉ်မှုဟာ နိုင်ငံကို အာဏာရှင်စနစ်တစ်ခုဆီ ဦးတည်သွားစေနိုင်တယ်လို့ ဝေဖန်သတိပေးမှုတွေ ရှိနေပါတယ်။

ဖိလစ်ပိုင် သမ္မတ ဒူတာတေးက လူဦးရေ သန်း ၂၀ နေထိုင်တဲ့ နိုင်ငံတောင်ပိုင်းက မင်ဒါနာအိုကျွန်းမှာ ရက် ၆၀ ကြာ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားတာဖြစ်ပါတယ်။ ယင်းဒေသရဲ့ အချက်အချာမြို့ မာရာဝီကို ပြီးခဲ့တဲ့ မေ ၂၃ က အိုင်အက်စ် ထောက်ခံတဲ့ စစ်သွေးကြွတွေ သိမ်းပိုက်ပြီးကတည်းက အစိုးရတပ်တွေနဲ့အကြား တိုက်ပွဲတွေဖြစ်နေခဲ့ပြီး ယခုထက်ထိ လူပေါင်း ၅၅၀ ကျော် သေဆုံးခဲ့ရပြီ ဖြစ်ပါတယ်။

စစ်တပ်ရဲ့ ထုတ်ပြန်ချက်အရတော့ ယင်းဒေသမှာ စစ်သွေးကြ ဦးရေ ၆၀ လောက် အစိုးရတပ်တွေကို ခုခံတိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ပြောကြားထားစဉ်မှာပဲ ခုလို စစ်အုပ်ချုပ်ရေးကို ဒီဇင်ဘာ ၃၁ ရက်ထိ သက်တမ်းတိုးမယ့် ဒူတာတေးရဲ့ အစီအစဉ်အပေါ် အတိုက်အခံတွေဘက်က အံ့အားသင့်ခဲ့ကြရတာဖြစ်ပါတယ်။

" မင်ဒါနာအို ကျွန်းမှာ ရှိနေတဲ့ တော်လှန်မှုက ဒီ ဇူလိုင် ၂၂ မတိုင်ခင်အထိ ချေမှုန်းနိုင်ဖို့ မဖြစ်နိုင်တာကြောင့် ခုလို သက်တမ်းတိုးဖို့ ဆုံးဖြတ်လိုက်ရတာဖြစ်ပါတယ်" လို့ ဒူတာတေးက ကွန်ဂရက်ကို ပေးပို့တဲ့စာထဲမှာ ရေးသားထားပါတယ်။

ယခုအခါမှာတော့ အဆိုပါကိစ္စနဲ့ပတ်သက်လို့ ဆွေးနွေးဖို့ လာမယ့် စနေနေ့မှာ လွှတ်တော်အစည်းအဝေး ခေါ်ယူထားတယ်လို့လည်း ဖိလစ်ပိုင်သမ္မတ ပြောရေးဆိုခွင့်ရှိသူ အာနက်စတို အဘယ်လာက ပြောပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly