ရေထိန်းတံခါး၌ အမှိုက်ရှင်းလင်းရင်း ပြုတ်ကျသွားသည့် ဆည်မြောင်းဦးစီးမှူးအလောင်းပြန်တွေ့

ရေထိန်းတံခါး၌ အမှိုက်ရှင်းလင်းရင်း ပြုတ်ကျသွားသည့် ဆည်မြောင်းဦးစီးမှူးအလောင်းပြန်တွေ့

မြိတ်၊ဇူလိုင်လ ၁၈ ။             ။ ထားဝယ်မြို့နယ် ဇဟာကျေးရွာ ၊ ခမောင်းလှ ရေထိန်းတံခါး၌ ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက် နံနက်ပိုင်းက အမှိုက်ရှင်းလင်းဆောင်ရွက်ရင်း ပြုတ်ကျသွားသည်ဟု ယူဆရသော မြို့နယ်ဆည်မြောင်းဦးစီးမှူး အလောင်းအား လက်ရှိ ဇူလိုင် ၁၈ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်က ပြန်လည်တွေ့ရှိထားပြီဖြစ်ကြောင်း ဆည်မြောင်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးရွှေထွန်းက အတည်ပြုသည်။

“၂ နာရီကျော်လောက်က ပြန်တွေ့ပြီ။ လက်ရှိကတော့ ဆေးရုံမှာ ရင်ခွဲဆေးစစ်ဖို့ ဆောင်ရွက်နေ ပါတယ်” ဟု ၎င်းက မဇ္ဈိမသို့ပြောသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၁၆ ရက်က ဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိသူ ဦးစောရန်လင်းထွန်းသည် ယင်းရေထိန်းတံတား၌ ပိတ်ဆို့လျက်ရှိသည့် အမှိုက်များကို ရှင်းလင်းဆောင်ရွက်ရန် အထက်အရာရှိ၏ ညွှန်ကြားမှုဖြင့်   ဆောင်ရွက်နေသည်ကို အနီးအပါးမှ မြင်တွေ့မိသူများရှိခဲ့ပြီး သို့သော် ယင်းရေထိန်းတံတားနေရာ၌ ဖိနပ်တစ်ရံကိုသာ တွေ့ရှိရသောကြောင်း ကယ်ဆယ်ရှာဖွေရေးများ ပြုလုပ်ခဲ့ရသည်။

ပျောက်ဆုံးပြီး  ၂ ရက်အကြာ အဆိုပါ မြို့နယ်ဆည်မြောင်းတာဝန်ရှိသူ ဦးစောရန်လင်းထွန်း၏ အလောင်းကို ထားဝယ်မြစ်ဘေးရှိ ကာစတန်ကွေ့အလွန် မော်လမြိုင်ဆိပ်အနီး၌   ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

လာမည့် ဇူလိုင် ၁၉ ရက်တွင် တွေ့ရှိခဲ့သည့် ရုပ်အလောင်းကို ဇဟာကျေးရွာရှိ သုဿန်၌ သဂြိုလ်သွားရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly