နိုင်ငံသစ် ဖွဲ့စည်းလိုက်ပြီကြောင်း ယူကရိန်းသူပုန်အဖွဲ့ ကြေညာ

နိုင်ငံသစ် ဖွဲ့စည်းလိုက်ပြီကြောင်း ယူကရိန်းသူပုန်အဖွဲ့ ကြေညာ

ဇူလိုင် ၁၈ ။                  ။ နိုင်ငံသစ် တစ်နိုင်ငံ ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း ရုရှလိုလားသည့် ယူကရိန်းခွဲထွက်သူပုန်အဖွဲ့က ဇူလိုင် ၁၈ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။ ယူကရိန်းနိုင်ငံတွင်းရှိ ဧရိယာတစ်ခုကို ယခုကဲ့သို့ နိုင်ငံသစ်အဖြစ် ထူထောင်မည်ဖြစ်ကြောင်းနှင့် ယင်းဧရိယာနယ်နမိတ်အတွင်း မြို့တော်တစ်ခု ထားရှိမည်ဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်သည်။

လူထု ဆန္ဒခံယူပွဲတစ်ခု ကျင်းပကာ ယင်းနိုင်ငံကို တည်ထောင်မည်ဖြစ်ကြောင်း ယင်းကို "ရုရှနိုင်ငံငယ်" ဟု အဓိပ္ပါယ်ထွက်သည့် Malorossiya ဟူ၍ ခေါ်ဆိုသွာမည်ဖြစ်ကြောင်း ယင်းခွဲထွက်ရေးသူပုန်အဖွဲ့က ထုတ်ပြန်သည်။

ယူကရိန်းခွဲထွက်ရေးသူပုန်အဖွဲ့ ခေါင်းဆောင် Alexander Zakharchenko က တင်သွင်းလာခဲ့သည့် ဖွဲ့စည်းပုံဥပဒေတွင် ရေးသားထားမှုများအရ သူပုန်အုပ်စု ထိန်းချုပ်ထားသည့် Donetsk နှင့် Lugansk မြို့တို့အပါအဝင် အခြားဒေသများမှ ကိုယ်စားလှယ်များကလည်း ယင်းနိုင်ငံသစ်ထူထောင်ကြောင်း ကြေညာရန် သဘောတူထားပြီးဖြစ်ကြောင်း ပါဝင်နေသည်ဟု ဆိုသည်။

သူပုန်တို့၏ ခံတပ် Donetsk မြို့မှာ ယင်းနိုင်ငံသစ်၏ မြို့တော် ဖြစ်လာမည်ဖြစ်ကာ ယူကရိန်းမြို့တော် Kiev အနေဖြင့် သမိုင်းဝင်ယဉ်ကျေးမှု အချက်အချာနေရာဆိုသည့် ဂုဏ်ဒြပ်မှ   လျှောကျသွားတော့မည်ဖြစ်ကြောင်း ခွဲထွက်ရေးသူပုန်အုပ်စု၏ သတင်းအေဂျင်စီက ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်များအရ သိရပါတယ်။

အံ့အားသင့်ဖွယ် ယခု ကြေညာချက်အပေါ် ယူကရိန်းအာဏာပိုင်တို့အနေဖြင့် မည်သည့်နည်းနဲ့မျှ လက်ခံနိုင်လိမ့်မည်မဟုတ်ဘဲ ဝေဖန်ပြစ်တင်မှုများသာ ပြုလုပ်သွားဖွယ်ရှိနေသည်။

ယူကရိန်းအစိုးရအနေဖြင့် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်က ရုရှကျောထောက်နောက်ခံ သူပုန်တပ်တို့နှင့်အကြား ပဋိပက္ခတိုက်ပွဲများ စတင်ဖြစ်ပွားထားခဲ့ပြီး တိုက်ပွဲများအတွင်း လူပေါင်း ၁၀,၀၀၀ ခန့် အသက်ဆုံးရှုံးထားခဲ့ရသကဲ့သို့ ယခုထက်ထိ ပြေလည်မှုမရသေးဘဲ အကျပ်ရိုက်နေလျက်ရှိသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags