အေစီမီလန်အသင်းဟာ အာဂျင်တီးနားကစားသမား လူးကပ်စ်ဘစ်လီယာရဲ့ အပြောင်းအရွှေ့အတွက် လာဇီယိုနဲ့ သဘောတူညီမှု ရရှိခဲ့ပြီးနောက် ကစားသမားကို (၃)နှစ် (၂၀၂၀၊ ဇွန် ၃၀အထိ) စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း ကလပ်အသင်းက တနင်္ဂနွေနေ့မှာ တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အသက် ၃၁ နှစ်ရှိ ကွင်းလယ်ကစားသမားဟာ စီးရီးအေကလပ် လာဇီယိုမှာ လေးရာသီဖြတ်သန်းခဲ့ပါတယ်။
အေစီမီလန်အသင်းအနေနဲ့ ကွင်းလယ်ကစားသမားအတွက် ယူရို ၁၇ သန်းကို တခါတည်း ပေးချေရမည်ဖြစ်ပြီး ကျန် ယူရို ၃သန်းကိုတော့ ကစားသမားစွမ်းဆောင်ရည်ပေါ်မူတည်ပြီး ပေးချေရမယ်လို့ သိရပါတယ်။
အာဂျင်တီးနားလက်ရွေးစင်းအသင်းနဲ့ ပွဲပေါင်း (၄၉)ပွဲ ကစားခဲ့တဲ့ ဘစ်လီယာဟာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို ၂၀၀၄ ခုနှစ်၊ ဇူလိုင်လမှာ အာဂျင်တီနို့စ် ဂျူနီယာအသင်းနဲ့ စတင်ခဲ့ပြီးနောက် Independiente အသင်းသို့ ပြောင်းရွှေ့ခဲ့ပါတယ်။
သူဟာ အာဂျင်တီးနားလိဂ်မာ (၆၆)ပွဲကစားပြီး (၁)ဂိုး သွင်းယူခဲ့ပါတယ်။
အဲဒီနောက် ဘီလီယာဟာ ဘယ်လ်ဂျီယံကလပ် အက်ဒါလက်အသင်းမှာ (၇) ရာသီ ကစားခဲ့ပြီး အသင်းကို အမှတ်ပေးချန်ပီယံ (၄)ကြိမ်၊ လိဂ်ဖလား (၁)ကြိမ်နှင့် စူပါဖလား (၄)ကြိမ် ဆွတ်ခူးရရှိအောင် ကူညီပေးခဲ့ပါတယ်။
ဘစ်လီယာဟာ ၂၀၁၃ ခုနှစ် ဇူလိုင်လမှာ လာဇီယိုအသင်းနဲ့ ပူးပေါင်းခဲ့ပြီး အူဒီးနီးနှင့် ပွဲမှာ စီးရီးအေး ပွဲဦးထွက် ကစားခဲ့ပါတယ်။
သူဟာ ဘာဇီယိုအသင်းနဲ့ (၄)ရာသီ ကစား၊ (၁၆)ဂိုး သွင်းယူခဲ့ပြီး အသင်းဟာ ပြီးခဲ့တဲ့ ရာသီက စီးရီးအေဇယား အဆင့် (၆)နေရာက မီလန်အထက်မှာ အဆင့် (၅)မှာ ရပ်တည်ခဲ့ပါတယ်။
လာမည့်ရာသီမှာ အောင်မြင်မှုတွေ ပြန်လည်ရယူရန် ပြင်ဆင်နေတဲ့ အေစီမီလန်အသင်းဟာ ယခုနှစ် နွေရာသီအပြောင်းအရွေ့ကာလမှာ ကစားသမား (၉)ဦးအထိ ခေါ်ယူခဲ့ပြီဖြစ်ပါတယ်။
(EFE_EPA)