ဆီဘောက်ဆာ ဆီဖြည့်စဉ် ပိုက်ဆက်သံကွင်း ပွတ်တိုက်မှုကြောင့် မီးလောင်ရခြင်းဖြစ်

ဆီဘောက်ဆာ ဆီဖြည့်စဉ် ပိုက်ဆက်သံကွင်း ပွတ်တိုက်မှုကြောင့် မီးလောင်ရခြင်းဖြစ်
ဓာတ်ပုံ- ဇော်နီ

မြိတ် - ဇူလိုင် - ၁၆ ။             ။ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့အထွက်(တနင်္သာရီမြို့နှင့် ထားဝယ်မြို့သို့ သွားရာလမ်းခွဲ) ကျောက်ဖြူ တောင်လမ်းဆုံရှိ မွန်လေးဓာတ်ဆီဆိုင် ယနေ့ မီးလောင်မှုတွင် ဆီဘောက်ဆာကား ဆီဖြည့်စဉ် ဆီပိုက် ပိုက်ဆက်သံကွင်းပွတ်တိုက်မှုကြောင့် မီးလောင်မှု ဖြစ်ခဲ့ကြောင်းမြိတ်မြို့ မြို့မရဲတပ်ဖွဲ့၏ ရဲမှူးအေးမင်းက ကနဦး စစ်ဆေးချက်အရ ပြောသည်။

အဆိုပါ မီးလောင်မှုကြောင့် ဆိုင်ရှင်၏ တူဖြစ်သူ အသက် ၁၄ နှစ်အရွယ် မောင်လူအေး သေဆုံးခဲ့ပြီး ဆီဆိုင်အပါအဝင် နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့သည်။။

ဇူလိုင် ၁၆ ရက်၊ မွန်းလွဲ ၁ နာရီခန့် က ဆီဆိုင်မီးလောင်မှုကို မြိတ်မီးသတ်တပ်ဖွဲ့မှ ၁ နာရီ ၂၆ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

လက်ရှိတွင် ဆီဘောက်ဆာကားမောင်းသူကို ရဲတပ်ဖွဲ့ကခေါ်ယူ စစ်ဆေးနေဆဲဖြစ်သည်။

မီးလောင်မှု ဖြစ်ပွားခဲ့သည့်ဓာတ်ဆီဆိုင်နှင့် မျက်နှာချင်းဆိုင် လမ်းမတစ်ဖက်ရှိ ဓာတ်ဆီဆိုင်တစ်ဆိုင် နီးကပ်စွာရှိနေပြီး ယင်းဆိုင်နံဘေး၌ အိမ်ခြေအနည်းငယ်ရှိသည်။

မီးလောင်မှု အခြေအနေကို မြိတ်မြို့ရဲတပ်ဖွဲ့က တရားဥပဒေအရ အရေးယူနိုင်ရန် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly