မိုနာကိုကွင်းလယ်လူ ဘာကာယိုကိုအား ချယ်လ်ဆီးအသင်း ခေါ်ယူ

မိုနာကိုကွင်းလယ်လူ ဘာကာယိုကိုအား ချယ်လ်ဆီးအသင်း ခေါ်ယူ

ဇူလိုင် ၁၆၊ အင်္ဂလန် ။              ။ ချယ်လ်ဆီးအသင်းသည် မိုနာကိုကွင်းလယ်ကစားသမား ဘာကာယိုကိုအား ပြောင်းရွှေ့ကြေးပေါင်သန်း ၄၀ ဖြင့် ငါးနှစ်စာချုပ် ချုပ်ဆိုကာ ခေါ်ယူလိုက်ပြီ ဖြစ်သည်။ အသက် ၂၂ နှစ်အရွယ်ရှိ ဘာကာယိုကိုသည် ချယ်လ်ဆီးအသင်းတွင် ကျောနံပါတ် ၁၄ ကို ဝတ်ဆင်ကစားမည် ဖြစ်သည်။

မန်စီးတီးဂိုးသမား ကာဘယ်လီရိုနှင့် ရိုးမားနောက်ခံလူ ရူဒီဂါတို့ပြီးနောက် ဘာကာယိုကိုသည် ချယ်လ်ဆီးအသင်း၏ ယခုနှစ်ရာသီ တတိယမြောက် ကစားသမား ခေါ်ယူမှု ဖြစ်သည်။

ချယ်လ်ဆီးအသင်းနှင့် စာချုပ်ချုပ်ဆိုပြီးနောက်တွင် ဘာကာယိုကိုက 'တကယ့်အသင်းကောင်းတစ်သင်းကို ပြောင်းရွှေ့ခွင့်ရတဲ့အတွက် အလွန်ဝမ်းသာမိပါတယ်။ ကျွန်တော်ဟာ ချယ်လ်ဆီးအသင်းရဲ့ပွဲတွေကိုကြည့်ပြီး အရွယ်ရောက်လာခဲ့သူပါ။ အခုလက်မှတ်ရေးထိုးမှုက ကျွန်တော်အတွက်တော့ သဘာဝအတိုင်း ဖြစ်လာရမှုပါပဲ။ ဘာကြောင့်လဲဆိုတော့ ဒီအသင်းက ကျွန်တော်ချစ်တဲ့အသင်းဖြစ်ပြီး ကျွန်တော့်ရဲ့ ငယ်ဘဝအိပ်မက်လည်းဖြစ်လို့ပါပဲ။

တကယ်ကိုကောင်းမွန်တဲ့ နည်းပြရဲ့လက်အောက်မှာ ထိပ်တန်းကစားသမားကောင်းတွေနဲ့အတူ တွဲဖက်ကစားပြီး ဒီထက်တိုးတက်လာဖို့ မျှော်လင့်ထားပါတယ်' ဟု ပြောဆိုခဲ့သည်။

ဘာကာယိုကိုသည် ပြီးခဲ့သည့်ရာသီက မိုနာကိုအသင်း ပြင်သစ်လိဂ်တွင် ချန်ပီယံဖြစ်ခဲ့ရာ၌ အဓိကနေရာမှ ခြေစွမ်းပြခဲ့သူ တစ်ဦးဖြစ်သည်။ ထို့ကြောင့် ၂၀၁၇ ခုနှစ် မတ်လက လူဇင်ဘတ်၊ စပိန်တို့နှင့်ကစားမည့် ပြင်သစ်လက်ရွေးစင်အသင်းကြီးတွင် ပထမဆုံးရွေးချယ်ခံခဲ့ရသူလည်း ဖြစ်သည်။

ဘာကာယိုကို ရောက်ရှိလာသည့်အတွက် မာတစ်မှာ ချယ်လ်ဆီးအသင်းမှ ထွက်ခွာရန် သေချာသလောက်ရှိသွားခဲ့ပြီဟု သတင်းများက ဖော်ပြနေကြသည်။ မာတစ်သည် ဘေဂျင်းသို့ ရာသီကြိုခြေစမ်းပွဲသွားရောက်ကစားသည့် ချယ်လ်ဆီးအသင်းလူစာရင်းတွင် မပါဝင်သောကြောင့် အပြောင်းအရွှေ့သတင်းများပိုမို ကျယ်လောင်လျက်ရှိသည်။ မန်ယူနှင့်ဂျူဗင်တပ်စ်တို့က မာတစ်ကို ခေါ်ယူမည်ဟု သတင်းများထွက်ပေါ်နေသည်။

ရည်ညွှန်း ဒေးလီးမေးလ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly