လေယာဉ်အပျက်အစီး အစိတ်အပိုင်းမှာ ပျောက်ဆုံးသွားသည့် MH370 လေယာဉ်မှ ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက် အတည်ပြုပြောကြား

လေယာဉ်အပျက်အစီး အစိတ်အပိုင်းမှာ ပျောက်ဆုံးသွားသည့် MH370 လေယာဉ်မှ ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက် အတည်ပြုပြောကြား

လွန်ခဲ့သည့် တစ်ပတ်ခန့်က ဝေးခေါင်သော ကျွန်းတစ်ကျွန်းပေါ်၌ တွေ့ရှိရသည့် အပျက်အစီး အပိုင်းအစမှာ MH370 လေယာဉ်မှ ဖြစ်သည်ဟု မလေးရှားဝန်ကြီးချုပ်က သြဂုတ်လ ၆ ရက်က အတည်ပြု လိုက်ပြီး ၁၇ လ အလွန်က ဆန်းကြယ်စွာ ပျောက်ဆုံးသွားခဲ့သည့် လေယာဉ်မှာ အိန္ဒိယ သမုဒ္ဒရာထဲတွင် ကြမ္မာဆိုးနှင့် တိုးခဲ့ကြောင်းကို အတည်ပြုခဲ့သည်။

''လေယာဉ်ပျောက်ကွယ်သွားပြီးလို့ ၅၁၅ ရက်အကြာ ဒီနေ့မှာ Reunion ကျွန်းပေါ်မှာ တွေ့ရှိရတဲ့ လေယာဉ်အပျက်အစီး အပိုင်းအစဟာ အမှန်တကယ် MH370 လေယာဉ်မှ ဖြစ်ကြောင်း နိုင်ငံတကာ ကျွမ်းကျင်သူအဖွဲ့က နိဂုံးချုပ် အတည်ပြုခဲ့တယ်ဆိုတာကို စိတ်နှလုံး မချမ်းမြေ့စွာနဲ့ ပြောကြားလိုပါတယ်'' ဟု မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက်က သတင်းထောက်များကို ပြောကြား သည်။

သို့ရာတွင် ပြင်သစ် စစ်ဆေးရေးမှူးများကမူ နိဂုံးကောက်ချက် မဆွဲမီတွင် နောက်ထပ်စစ်ဆေး မှုများ ပြုလုပ်ရန် လိုအပ်သေးသောကြောင့် MH370 လေယာဉ်မှ အပျက်အစီးအပိုင်းအစ ဖြစ်နိုင်ခြေ များသည် ဟုသာပြောကြားသည်။

အဆိုပါ မလေးရှား လေကြောင်းလိုင်းပိုင် ဂျက်လေယာဉ်မှာ ယမန်နှစ် မတ်လ ၈ ရက်က လူ ၂၃၉ ဦး လိုက်ပါလျက် ကွာလာလမ်ပူမှ ပေကျင်းသို့အသွားတွင် နားလည်ရခက်စွာပင် လမ်းကြောင်းပြောင်း သွားခဲ့ပြီး ပျောက်ကွယ်သွားခဲ့သောကြောင့် ကမ္ဘာ့လေကြောင်းသမိုင်းတွင် အဆန်းကြယ်ဆုံး ဖြစ်လာကာ နိုင်ငံစုံက အင်တိုက်အားတိုက် လိုက်လံရှာဖွေခဲ့ကြပြီး လေယာဉ်ကြီး၏ ကံကြမ္မာနှင့် ပတ်သက် ၍လည်း သို့လောသို့လောနှင့် ဇာတ်လမ်းများ၊ ထွင်လုံးများ အမျိုးမျိုး ထွက်ပေါ်လာခဲ့သည်။

အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ပြင်သစ်ပိုင် Reunion ကျွန်းပေါ်တွင် Flaperon ဟုခေါ်သည့် ၂ မီတာ ရှည်လျားသော တောင်ပံအစိတ်အပိုင်းကို တွေ့ရှိမှုက အဖြေကို အသည်းအသန် ရှာဖွေနေ ကြသည့်လေ ယာဉ်ပေါ် လိုက်ပါသွားသူများ၏ ဆွေမျိုးများအတွက် ပထမဆုံး မျှော်လင့်ချက် ရောင်ခြည် သန်းလာစေခဲ့သည်။   

ထိုတောင်ပံအစိတ်အပိုင်းကို ပြင်သစ်မြို့ တူးလုအပြင်ဘက်ရှိ စစ်ဖက်ဓာတ်ခွဲခန်းတစ်ခုတွင် မလေးရှားနှင့် သြစတြေးလျ ကျွမ်းကျင်သူများ၊ ဘိုးရင်းကုမ္ပဏီဝန်ထမ်းများနှင့် ကြမ္မာငင်မှုတွင် ခရီးသည် အရေအတွက်အများဆုံးကို ဆုံးရှုံးလိုက်ရသည့် တရုတ်နိုင်ငံမှ ကိုယ်စားလှယ်များရှေ့ မှောက်တွင် သြဂုတ်လ ၅ ရက်က စစ်ဆေးခဲ့သည်။

''ယမန်နှစ် မတ်လ ၂၄ ရက်က ကျွန်တော်ကြေညာခဲ့သလိုပဲ MH370 လေယာဉ်ဟာ အိန္ဒိယ သမုဒ္ဒရာတောင်ပိုင်းမှာ ရင်နင့်စရာ ကြမ္မာငင်ခဲ့တယ်ဆိုတာ အခု ရုပ်ပိုင်းသက်သေအထောက်အထား တွေ ရှိနေပါပြီ''ဟု နာဂျစ်က ပြောကြားသည်။ မလေးရှား လေကြောင်းလိုင်းကလည်း အရေးကြီးသော တွေ့ရှိမှုတစ်ခုဖြစ်ကြောင်း ပြောသည်။

''ဒီလျှို့ဝှက်ဆန်းကြယ်ကို ကူညီဖြေရှင်းနိုင်မယ့် ပစ္စည်းတွေကို ထပ်တွေ့ရဖို့ ကျွန်တော်တို့ မျှော်လင့်နေပါတယ်'' ဟု မလေးရှားလေကြောင်းလိုင်းက ကြေညာချက်တစ်ခုတွင် ပြောကြားသည်။
လေယာဉ်ပေါ် လိုက်ပါသွားသူများ၏ မိသားစုအချို့ကမူ မလေးရှား၏ အတည်ပြုချက်မှာ ပြဿနာကို စိတ်ဒုံးဒုံးချလိုက်ရန် မလုံလောက်ကြောင်း ပြောကြားကြပြီး လေယာဉ် ဘာ့ကြောင့် လမ်းကြောင်းပြောင်း သွားရသည်၊ အဆက်အသွယ်နှင့် ခြေရာခံစနစ်များ ပိတ်သွားပြီးနောက်တွင် ဘာ့ကြောင့် နာရီပေါင်းများစွာ ဆက်လက်ပျံသန်းနေခဲ့သည်ကိုသာ သိရှိလိုကြောင်း တောင်းဆိုခဲ့ ကြသည်။

လေယာဉ်ပေါ် လိုက်ပါသွားသူများ၏ ဆွေမျိုးအတော်များများက နာဂျစ်အစိုးရနှင့် လေကြောင်း လိုင်းတို့မှာ လေယာဉ်ပျောက်ဆုံးသွားသည့်အပေါ် မထုံတက်တေး တုံ့ပြန်ခဲ့ကြပြီး အမှန်တရားကို ဖုံးကွယ်ဖို့ ကြိုးစားခဲ့ကြသည့်အပြင် ကျန်ရစ်သူ မိသားစုဝင်များကိုလည်း မစာမနာ ဆက်ဆံခဲ့သည်ဟု စွပ်စွဲခဲ့ကြသည်။

တရုတ်နိုင်ငံတွင်မူ သေလောက်သည့် ပျက်ကျမှုဖြစ်ပွားသည့် အထောက်အထားများ ထွက် ပေါ်လာနေသော်လည်း ၎င်းတို့၏ ချစ်ခင်ရသူများမှာ အသက်ထင်ရှားရှိနေဆဲဟု ယုံကြည့်နေကြသည့် MH370 ခရီးသည်များ၏ ဆွေမျိုးများက ယခု နောက်ဆုံးထွက်ပေါ်လာသည့် တောင်ပံအစိတ်အပိုင်း သတင်းကို ငြင်းပယ်သောအားဖြင့် ပေကျင်းရှိ မလေးရှားလေကြောင်းလိုင်းရုံးရှေ့တွင် စုရုံးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags