မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သပိတ်စခန်းဖွင့် လယ်သိမ်းခံတောင်သူများတွေ့ဆုံ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သပိတ်စခန်းဖွင့် လယ်သိမ်းခံတောင်သူများတွေ့ဆုံ

မန္တလေး၊ဇူလိုင် ၁၅ ။         ။ မန္တလေးမြို့ပေါ်တက်၍ သပိတ်စခန်းဖွင့်ထားသည့် မန္တလေးတိုင်းဒေသကြီးအတွင်းက လယ်သိမ်းခံတောင်သူများထဲမှ ဦးဆောင်သူ တောင်သူ ၅ ဦးကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဇူလိုင်လ ၁၅ ရက်၊မွန်းလွဲ ၁ နာရီက ခေါ်ယူတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြရာ တောင်းဆိုထားသည့်အချက်များ လိုက်လျှောခြင်းမရှိသေးသောကြောင့် သပိတ်စခန်းကို ဆက်လက်ဖွင့်လှစ်သွားမည်ဟု အစိုးရအဖွဲ့နှင့်တွေ့ဆုံဆွေးနွေးညှိုနှိုင်းရာတွင် ပါဝင်ခဲ့သူ မြစ်သားမြို့နယ်၊တေစိုးကျေးရွာမှ တောင်သူ ဒေါ်ခင်ညိုက တွေ့ဆုံမှုအပြီးတွင် မီဒီယာများကိုပြောသည်။

"ကျွန်မတို့က ဝန်ကြီးချုပ်နဲ့တွေ့ချင်တာပါ။ တွေ့ရမယ်လို့ ထင်ခဲ့တာပါ။ ဒါပေမယ့် မတွေ့ရဘူး။ တခြားဝန်ကြီးတွေနဲ့ပဲ တွေ့ခွင့်ရပါတယ်။ သူတို့ကတော့ သပိတ်စခန်းဖွင့်တာ ရပ်ပေးဖို့ပြောတယ်။ ကျွန်မတို့ တောင်းဆိုတဲ့ အချက်တွေတော့ လိုက်လျောပေးမယ် မပြောဘူး။ အာမ မခံကြဘူး။ ကူညီပေးမယ်တော့ ပြောတယ်။ ကျွန်မတို့ တောင်းဆိုတာတွေ မရတဲ့အတွက် သပိတ်စခန်းကို ဆက်ဖွင့်သွားပါမယ်"ဟု ဒေါ်ခင်ညိုက မီဒီယာသမားများကို ပြောသည်။

လယ်သိမ်းခံတောင်သူများသည် ဖမ်းဆီးအရေးယူခံနေသည့် တောင်သူများ၊ ဖမ်းဝရမ်းထုတ်ထားခြင်း ခံထားရသည့် တောင်သူများကို လွှတ်ပေးရန်နှင့်အမှုများ ပယ်ဖျက်ပေးရန် အဓိကတောင်းဆိုခဲ့သည် ဟုလည်း ဒေါ်ခင်ညိုက ဆိုသည်။

မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊၆၂လမ်း၊၂၄လမ်းနှင့်၂၅လမ်းကြားတွင် သပိတ်စခန်း ဖွင့်လှစ်တောင်းဆိုနေခြင်းကို ဇူလိုင်လ ၆ ရက်ကစတင်ခဲ့ပြီး ဇူလိုင်လ ၁၅ ရက်၊မွန်းလွဲ ၁ နာရီ၌ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်သူ ၅ ဦးကို ခေါ်ယူတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

လယ်သိမ်းခံတောင်သူများကို ကူညီပေးနေသူ ဦးအောင်သူ(တံတားနီ)က "သပိတ်စခန်း ရုတ်ဖို့၊ မရုတ်ဖို့က သူတို့ဖွဲ့စည်းတဲ့ လယ်/ပြန်စစ်အဖွဲ့မှာ ကျွန်တော်တို့အထဲ တောင်သူလယ်သမားစစ်စစ် တိုင်းအဆင့်မှာ ပါဝင်ခွင့်ရမယ့် အပေါ်မှာမူတည်တယ်။ ဒါကိုတောင်းဆိုထားတယ်။"ဟု အစိုးရအဖွဲ့နှင့် တွေ့ဆုံအပြီး မီဒီယာသမားများကို ပြောသည်။

ထိုသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်တောင်သူများတွေ့ဆုံဆွေးနွေးမှုရလဒ်ကို တိုင်းဒေသကြီး အစိုးရအဖွဲ့က တရားဝင်သတင်း ထုတ်ပြန်ပေးခဲ့ခြင်းမရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly