လျူရှောက်ဘို၏ ကျန်ရစ်သူမုဆိုးမ လျူရှားအား နေအိမ်အကျယ်ချုပ်မှ လွှတ်ကြောင်း တရုတ် အတည်ပြု

လျူရှောက်ဘို၏ ကျန်ရစ်သူမုဆိုးမ လျူရှားအား နေအိမ်အကျယ်ချုပ်မှ လွှတ်ကြောင်း တရုတ် အတည်ပြု

ပေကျင်း၊ ဇူလိုင် ၁၅ ။           ။ တရုတ်နိုဘယ်ငြိမ်းချမ်းရေးဆုရှင် လျူရှောက်ဘို ကွယ်လွန်ခဲ့ရာ ရှန်ရန်းမြို့အာဏာပိုင်များက ၎င်း၏ ကျန်ရစ်သူ မုဆိုးမ လျူရှားအား နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ဇူလိုင် ၁၅ ရက်တွင် အတည်ပြုသည်။

သို့သော် လျူရှားနှင့် နီးစပ်သော မိတ်ဆွေများကမူ ၎င်းသည် စောင့်ကြည့်မှု အောက်၌ပင် ရှိနေပြီး ဆက်သွယ်၍လည်း မရသေးကြောင်း ပြောသည်။

"တရုတ်အစိုးရအနေနဲ့ ဥပဒေအရ လျူရှားရဲ့ တရားဝင် အခွင့်အရေးတွေကို ကာကွယ်ပေးသွားမှာဖြစ်ပါတယ်။"ဟု ရှန်ရန်းပြန်ကြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ကျန်ကျင်ယန်းက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

လျူရှားကို ယခင်က ၎င်းဆန္ဒရှိထားသည့်အတိုင်း နိုင်ငံရပ်ခြားသို့ ထွက်ခွာခွင့် ပေးမည်လား မေးမြန်းသည့်အခါ လျူရှားက လွတ်လပ်သွားပြီဖြစ်ပြီး ခင်ပွန်းသည် သေဆုံးခြင်းအတွက် အလွန်ပူဆွေးဝမ်းနည်းနေရာ သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် သူ၏ စိတ်ဆန္ဒကို ပျက်ပြားစေမည်မဟုတ်ကြောင်း ကျန်က ပြန်လည်ဖြေကြားသည်။

ဇူလိုင် ၁၃ ရက်က ဆေးရုံပေါ်တွင် ကွယ်လွန်ခဲ့သော လျူရှောက်ဘို၏ ရုပ်အလောင်းကိုလုံခြုံရေးအထူးချကာ မီးသဂြိုဟ်ပြီးစီးကြောင်းလည်း ၎င်းက ဖြည့်စွက်ဆိုသည်။

မိသားစုများ၏ စိတ်ဆန္ဒအရ လျူရှောက်ဘိုကို မီးသဂြိုဟ်ပြီး သာမန်အတိုင်း ရိုးရိုးရှင်းရှင်း အသုဘချခဲ့ခြင်းဖြစ်ကြောင်း ကွန်မြူနစ်အစိုးရက ပြောသော်လည်း မိသားစုများ၏ မိတ်ဆွေများက မဟုတ်ကြောင်း ငြင်းဆန်ကြကာ လျူရှားကိုလည်း တင်းကြပ်သည့် စောင့်ကြပ်မှုအောက်တွင် ထားရှိနေခြင်းဖြစ်သည်ဟု ပြောကြသည်။

မည့်သည့် ရာဇဝတ်ပြစ်မှုနှင့်မျှ တရားစွဲဆိုခြင်းမရှိဘဲ နေအိန်အကျယ်ချုပ် ခုနစ်နှစ် ချမှတ် ခံရသည့် လျူရှားသည် ကျန်းမာရေးမှာ တော်တော်ဆိုးဝါးနေကြောင်း ၎င်း၏ မိတ်ဆွေအများစုက သတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags