မင်းဘူးရှိ အိမ်ထောင်စု ၄၃၉ စုအား ရေလွတ်ရာ ပြောင်းရွှေ့နေရာချပေး

မင်းဘူးရှိ အိမ်ထောင်စု ၄၃၉ စုအား ရေလွတ်ရာ ပြောင်းရွှေ့နေရာချပေး

ဇူလိုင်လ ၁၅ ။            ။ မင်းဘူး/စကုမြို့နယ်တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်လာ၍ မြို့နယ် သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်တားဆီးရေးအဖွဲ့မှ ကွင်းဆင်းကာ ရေဝင်ရောက်သော လူနေအိမ် (၄၃၉)အိမ်၊လူဦးရေ (၁၅၇၇)ဦးတို့အား ရေလွတ်ရာသို့ ပြောင်းရွေ့နေရာ ချထားပေလျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်မှ စတင်ကာ မင်းဘူးမြို့ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်နှင့် ဖလရုံ၊ မန်းကျိုး၊ ထုံးမကြီး၊ရွာသစ်ကုန်း၊ ဆည်ရွာ၊ ငွေသောင်၊နိဗ္ဗာန်ကျွန်းကျေးရွာများတွင်  ဧရာဝတီမြစ်ရေ ဝင်ရောက်လာသောကြောင့် အနိမ့်ပိုင်းရှိလူနေအိမ်များ ရေဝင်လျက်ရှိသည်။

ထို့ကြောင့် ဇူလိုင်လ(၁၄)ရက်နေ့က မင်းဘူး/စကုမြို့နယ် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ် တားဆီးရေးအဖွဲ့က ရေဝင်ရောက် အိမ်ထောင်စုများအား ရေလွတ်ရာသို့ ပြောင်းရွေ့နေရာ ချထားပေးခဲ့ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းကပြောသည်။

“နှစ်စဉ်နီးပါး မြစ်ရေ ဝင်ရောက်တတ်ပါတယ်၊ ဒီနှစ်လည်းမြစ်ရေတက်လာတော့ ရေဝင်ရောက်ခံရတဲ့ ဒေသခံ ပြည်သူတွေအတွက် ကျွန်တော်ဦးဆောင်တဲ့ မြို့နယ် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီး ရေးအဖွဲ့က ကွင်းဆင်းကူညီဆောင်ရွက်ပေး နေပါတယ်” ဟု ဦးညီညီဝင်းက ဆက်လက်ပြောသည်။

မင်းဘူးမြို့နယ် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ် ၁၇၀၀စင်တီမီတာရှပြီး ယနေ့ မြစ်ရေမှတ် ၁၅၉၁ စင်တီမီတာသို့ ရောက်ရှိနေကြောင်း မင်းဘူး/စကုမြို့နယ် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly