တက္ကသိုလ်ပညာသင်ဆု ပေးအပ်မှုများရှိသော်လည်း ပြည်သူသိရှိမှုနည်းပါး

တက္ကသိုလ်ပညာသင်ဆု ပေးအပ်မှုများရှိသော်လည်း ပြည်သူသိရှိမှုနည်းပါး

ရန်ကုန်၊ဇူလိုင် ၁၅ ။            ။ တက္ကသိုလ်နှင့် ကောလိပ်အလိုက် ကျောင်းသားများကို ပညာသင်ထောက်ပံ့ဆု ပေးအပ်သည့် အစီအစဉ်များ ရှိနေသော်လည်း ပြည်သူလူထု သိရှိမှု နည်းပါးနေကြောင်း ဆရာအတတ်ပညာ နှင့်လေ့ကျင့်ရေးဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဒေါက်တာအောင်အောင်မင်းက ပြောသည်။

တက္ကသိုလ်ဝင်လမ်းညွှန်စာအုပ်တွင် ပညာသင်ထောက်ပံ့ကြေး လျှောက်ထားနိုင်သည့် လျှောက်လွှာပုံစံနှင့် လျှောက်ထားရမည့် အချက်အလက်များကို နှစ်စဉ် ဖော်ပြထားသော်လည်း ပြည်သူလူထု သိရှိမှု အားနည်းနေခြင်းဖြစ်သည်။

 “ပညာရေးကောလိပ်(၂၃)ခုမှာ တက်ရောက်ပညာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေကို လစဉ် တစ်လကို ၃သောင်းကျပ်စီ ပညာသင်ဆုထောက်ပံ့ပါတယ်။ ထောက်ပံ့တာကလည်း အခုမှမဟုတ်ပါဘူး။ အရင်ကတည်းက ထောက်ပံ့တာပါ။ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တွေမှာကတော့ ကျောင်းသားကျောင်းသူစုစုပေါင်းရဲ့ ၅%ပဲ ပညာသင်ထောက်ပံ့ကြေးပေးပါတယ်။ ကျွန်တော်တို့ ပညာရေးကောလိပ်တွေမှာကတော့ ရာနှုန်းပြည့် ပေးပါတယ်။ ဒါတွေကို ကျောင်းသားတွေက သိပေမယ့် ပြည်သူသိရှိမှုကတော့ နည်းပါးနေပါတယ်” ဟု ဆရာအတတ်ပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဒေါက်တာ အောင်အောင်မင်းက မဇ္ဈိမကို ပြောသည်။

ဆရာအတတ်သင်ပိုင်းတွင် ဤကဲ့သို့ ထောက်ပံ့ပေးမှု ရှိသလို ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ်များနှင့် အခြား တက္ကသိုလ်ကောလိပ်များတွင်လည်း ကျောင်းအလိုက် ပညာသင်ထောက်ပံ့ဆုပေးသည့်အစီအစဉ်များ ရှိကြောင်း သိရသည်။

အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်၏ တက္ကသိုလ်ပညာသင်ဆု ရရှိထားသည့် ကျောင်းသူတစ်ဦးဖြစ်သည့် စီးပွားရေးလုပ်ငန်းသုံး စီမံခန့်ခွဲမှုပညာ ဒုတိယနှစ်ကျောင်းသူ မဝတ်ရည်ကျော်က “ပညာသင်ဆုကို ဆယ်တန်းမှာရခဲ့တဲ့ အမှတ်နဲ့ရွေးတာပါ။ အဲ့ပညာသင်ဆုအတွက် အနိမ့်ဆုံးအမှတ် ၅၀၃မှတ်သတ်မှတ်ထားတာကြောင့် ညီမက ဆယ်တန်းအမှတ် ၅၀၄မှတ်ရတဲ့အတွက် ပညာသင်ဆုရခဲ့ပါတယ်။ ပညာသင်ဆုအနေနဲ့ တစ်လကို တစ်သိန်းရပါတယ်” ဟု သူမရရှိထားသည့် ပညာသင်ဆုနှင့် ပတ်သက်ပြီး မဇ္ဈိမကို ပြောသည်။

အဆိုပါပညာသင်ဆုမှာ ပညာသင်နှစ်လေးနှစ်တာအတွင်း လစဉ် တစ်လကို ပညာသင်ထောက်ပံ့ကြေး ငွေကျပ်တစ်သိန်းပေးအပ်ခြင်း ဖြစ်ပြီး ပညာသင်ကာလအတွင်း စာမေးပွဲကျခြင်း၊ ကျောင်းထွက်ခြင်း စသည်တို့ ဖြစ်ပါက ပညာသင်ဆုကို ရပ်ဆိုင်းခံရမည်ဖြစ်သည်။

ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်များ၏ ပညာသင်ထောက်ပံ့ဆု အတွက်ကိုမူ သတ်မှတ်ထားသည့် ရွေးချယ်မှုစနစ် နှင့်အညီ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့က တက္ကသိုလ်အလိုက် ကျောင်းသားကျောင်းသူ စုစုပေါင်း၏ ၅ ရာခိုင်နှုန်းကို ရွေးချယ်ပေးအပ်လေ့ရှိကြောင်း သိရသည်။

တက္ကသိုလ်ပညာသင်ဆုပေးအပ်မှုကို ပြည်သူသိရှိမှုပိုမိုများပြားလာပါက ပညာထူးချွန်ပြီး ချို့တဲ့သော ကျောင်းသားကျောင်းသူများအတွက် ပိုမိုကောင်းမွန်လာနိုင်ပြီး နောက်ပိုင်းတွင် ပညာသင် ထောက်ပံ့ဆုစနစ်ကို ပိုမိုကျယ်ပြန့်အောင်လုပ်ဆောင်ရာတွင်လည်း အထောက်အကူ ဖြစ်လာနိုင်ကြောင်း ဒေါက်တာအောင်အောင်မင်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly