ရခိုင်ရေဘေးကြောင့် သေဆုံးသူ ၅၅ ဦးရှိပြီး ပျက်စီးဆုံးရှုံးမှု ၃၄ ဘီလီယံခန့်ရှိဟု ရခိုင် ဝန်ကြီးချုပ်ဆို

ရခိုင်ရေဘေးကြောင့် သေဆုံးသူ ၅၅ ဦးရှိပြီး ပျက်စီးဆုံးရှုံးမှု ၃၄ ဘီလီယံခန့်ရှိဟု ရခိုင် ဝန်ကြီးချုပ်ဆို

ရခိုင်ပြည်နယ်မှာ ပြီးခဲ့သည့်ရက်များက ရေကြီးမှုဖြစ်စဉ်ကြောင့် သေဆုံးသွားသူများနှင့် ဒုက္ခ ရောက်နေသူများအတွက် ရခိုင်ပြည်နယ် အစိုးရက အင်မတန် ဝမ်းနည်းမိကြောင်း သြဂုတ်လ ၆ ရက် က စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ဒေသခံများနှင့် တွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင် အုန်းက ပြောကြားသည်။

“ ဒီနေ့ ကျွန်တော်တို့ ရခိုင်ပြည်နယ် ရေကြီးမှု ဖြစ်စဉ်မှာ ကျွန်တော်တို့ ရခိုင်ပြည်သူ၊ ပြည်သား ၅၅ ဦး သေဆုံးခဲ့တဲ့အတွက် ဒါ ကျွန်တော်တို့ ရခိုင်ပြည်နယ် အစိုးရအနေနဲ့ အင်မတန် ဝမ်းနည်းခံစားမိ ရပါတယ်။ အဲဒီအဖြစ်အပျက်တွေအတွက် ဒီနေ့အချိန်ထိ ကျွန်တော်တို့ ပြည်နယ်အစိုးရရယ်၊ ပြည်သူ၊ ပြည်သားတွေရယ်၊ တပ်မတော်ရယ် အားလုံးစုစည်းညီညာစွာနဲ့ ကူညီနေကြပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ် ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ ခန့်မှန်းခြေ ၃၄ ဘီလီယံရှိပြီး လယ်ယာမြေ များသောကြောင့် အသေးစိတ်ကို မတွက်ချက်ရသေးကြောင်း ရခိုင်ပြည်နယ်အစိုးရက ယင်းအခမ်း အနားတွင်ပြောကြားသည်။

သြဂုတ် ၆ ရက်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် စစ်တွေမြို့သို့ ရောက်ရှိလာပြီး စစ်တွေမြို့ ဦးဥတ္တမပန်းခြံတွင် မိန့်ခွန်းပြောခဲ့သည်။ ရေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေး ပစ္စည်းအချို့ လှူဒါန်းခဲ့ပြီး ရေဘေးသင့် ဒုက္ခသည်များကို အားပေးစကားပြောကြားကာ အခက်အခဲ များကို ကူညီဆောင်ရွက်ပေးသွားမည်ဟု ပြောကြားသည်။

ဆက်လက်ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှာ ရေဘေးသင့်ခဲ့သည့် မြောက်ဦး၊ မင်းပြား၊ ကျောက်တော် စသည့် မြို့နယ်များသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly