တရားစွဲခံရသူ မုံးကိုး သင်းထောက် ဆရာနှစ်ဦး စွဲချက်တင်လိုက်ပြီ

တရားစွဲခံရသူ မုံးကိုး သင်းထောက် ဆရာနှစ်ဦး စွဲချက်တင်လိုက်ပြီ
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ချင်းမိုင်၊ဇူလိုင်လ ၁၄ ။           ။ တပ်မတော်က မတရားအသင်း အပါအဝင် ပုဒ်မ ၃ ခုဖြင့် တရားစွဲခံထားရသော ရှမ်းပြည်နယ် မုံးကိုးမြို့မှ သင်းထောက် ဆရာ ဦးဒွမ်ဒေါ့နောင်လတ်နှင့် ဦးလန်ဂျော်ဂမ်ဆိုင်းတု့ိကို ဇူလိုင်လ ၁၄ ရက်နေ့က စွဲချက်တင်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ဆရာ နှစ်ဦး၏ အမှုတွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့က တပ်မတော်ဘက်မှ တရားလို သက်သေကို စစ်ဆေးခဲ့ပြီးနောက် ယနေ့တွင် သူတို့ နှစ်ဦးအား စွဲချက်တင်လိုက်ကြောင်း အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့ စွဲချက်တင်လိုက်တယ်။ လာမဲ့ ရုံးချိန်းမှာ သူတု့ိ နှစ်ယောက်ကို စစ်ဆေးမယ်၊ သူတို့ကို စစ်ပြီးရင် ဘာသာရေးဘက်က လူတွေ၊ ကျေးရွာ ရပ်ကွက်မှူးတွေ၊ မိသားစုတွေကို ပြန်စစ်မယ်”ဟု ဦးဒွမ်ဒေါ့နောင်လတ်၏ ဇနီး ဒေါ်လန်ဂျော်လုက ပြောသည်။

လာမည့် ဇူလိုင်လ ၂၆ ရက်နေ့တွင် တရားစွဲခံထားရသော ဦးဒွမ်ဒေါ့နောင်လတ်နှင့် ဦးလန်ဂျော်ဂမ်ဆိုင်းတို့ စတင် စစ်ဆေးမည် ဖြစ်ကာ တရားခံ သက်သေများအဖြစ် သူတို့ နှစ်ဦး၏ မိသားစုဝင် ၂ ၊ ဘာသာရေးအသင်းတော်မှ ၁ ဦး၊ မုံးကိုးမြို့မှ ရွာသားတစ်ဦး၊ ရပ်ကွက်မှူး တစ်ဦး စုစုပေါင်း ၆ ဦးကို စစ်ဆေးသွားမည် ဖြစ်ကြောင်း သူက ပြောသည်။

အသက် ၆၇ နှစ်ရှိပြီ ဖြစ်သည့် ဦးဒွမ်ဒေါ့နောင်လတ်သည် အချုပ်ခန်းတွင် နေထိုင်မှုအချိန်ကြာမြင့်လာသဖြင့် ရင်ကြပ်သည့် ရောဂါ ခံစားနေရသည်ဟု သူက ပြောသည်။

“သူတို့နှစ်ယောက်က အမြန်လွတ်မြောက်ဖို့ လုပ်ဆောင်ပေးပါ။ ထောင်ထဲမှာ လူအရမ်းကြပ်လို့ နေရခက်တယ်လို့ဘဲ ပြောတယ်။ သူက အသက်ကြီးတော့ ရင်ကြပ်တာတွေ ဖြစ်တယ်”ဟု ဦးဒွမ်ဒေါ့နောင်လတ်၏ ဇနီး ဒေါ်လန်ဂျော်လုက ဆက်ပြောပြသည်။

ဆရာ ဦးဒွမ်ဒေါ့နောင်လတ်နှင့် ဦးလန်ဂျော်ဂမ်ဆိုင်းတို့ အမှုကို မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇၊ ၁ ဖြင့် တပ်မတော်ဘက်မှ တရားလိုသက်သေ ၁၀ ဦး၊ ပို့ကုန်သွင်းကုန် အက်ဥပဒေ ပုဒ် ၈ ဖြင့် တရားလိုသက်သေ ၆ ဦး၊ တပ်မတော်အား ဂုဏ်သရေ ညိုးနွမ်းစေမှုဆိုင်ရာ ဥပဒေပြန်ဆက် ပုဒ်မ ၅၀၀ အမှုဖြင့် တရားလိုသက်သေ ၃ ဦးတို့ စုစုပေါင်း တရားလိုသက်သေ ၁၀ ဦးကို စစ်ဆေးပြီး ဖြစ်ကြောင်း သိရသည်။

သူတို့၏ အမှုကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၇ ရက်နေ့မှ စတင်စစ်ဆေးခဲ့ရာမှ မူဆယ်မြို့နယ် တရားရုံးတွင် မေလ ၉ ရက်နေ့တွင် လားရှိူးမြို့နယ် တရားရုံးသို့ ပြောင်းရွှေ့စစ်ဆေးခဲ့သည်။

သင်းထောက်ဆရာ နှစ်ဦးသည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ ပျောက်ဆုံးခဲ့ပြီးနောက် KIO အတွက် ငွေကြေးထောက်ပံ့ကူညီပေးခြင်း၊ သတင်းပေးခြင်းနှင့် လူသစ်စုဆောင်းပေးခြင်းနှင့် မဟုတ်မမှန် လှုပ်ကြံဝါဒ ဖြန့်ဆောင်ရွက် ဖြန့်ဆောင်ရွက်ခြင်းကြောင့် တပ်မတော်က ဖမ်းဆီးထားသည်ဟု ကာကွယ်ရေးဦးစီးချုပ်ရုံးက ဇန်နဝါရီလ ၁၉ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly