အင်ဒိုနီးရှားတွင် ထရပ်ကားနှင့် ဘတ်စ်ကားတိုက်၍ ဆယ်ဦး သေဆုံး

အင်ဒိုနီးရှားတွင် ထရပ်ကားနှင့် ဘတ်စ်ကားတိုက်၍ ဆယ်ဦး သေဆုံး

ဇူလိုင် ၁၄ ။        ။ အင်ဒိုနီးရှားနိုင်ငံမှာ ဇူလိုင် ၁၄ ရက်အစောပိုင်းက ခရီးသည် ၃၀ ကျော်လိုက်ပါလာတဲ့ ဘတ်စ်ကားတစ်စီးဟာ ထရပ်ကားတစ်စီးကို နောက်ကနေ ဝင်တိုက်မိခဲ့တာကြောင့် လူ ၁၀ ဦး   သေဆုံးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အဆိုပါ ဘတ်စ်ကားဟာ ဘာလီအပန်းဖြေကျွန်းကနေ အပြန်မှာ ယခုလို မတော်တဆမှုနဲ့ တွေ့ကြုံခဲ့ရတာဖြစ်တယ်လို့လည်း သိရပါတယ်။

ယာဉ်တိုက်မှုဖြစ်ခဲ့တဲ့ ဘတ်စ်ကားပေါ်မှာတော့ ခရီးသည် ၃၄ ဦး လိုက်ပါလာခဲ့ပြီး ဂျာဗားကျွန်းအရှေ့ပိုင်းမှာရှိတဲ့ မယ်လန်မြို့ကို ဦးတည်မောင်းနှင်းခဲ့စဉ် မြေသြဇာတင် ထရပ်ကားတစ်စီးကို နောက်ကနေ ဝင်တိုက်ခဲ့မိတာဖြစ်ပါတယ်။

" ဒီယာဉ်တိုက်မှုမှာ သေဆုံးသူ ဆယ်ယောက်ထိ ရှိခဲ့ပါတယ်၊ ကိုးဦးကတော့ ဒဏ်ရာရသွားခဲ့ပါတယ်" လို့ ဒေသရဲတပ်ဖွဲ့အကြီးအကဲ အာမန် အက်မရာ က ပြောပါတယ်။

သေဆုံးသူတွေထဲမှာ အသက် ၂၉ နှစ်အရွယ် သြစတြီးယား နိုင်ငံသားတစ်ဦးနဲ့ အသက် ၁၂ နှစ်အရွယ်အင်ဒိုမိန်းကလေးငယ်တစ်ဦးတို့လည်း ပါဝင်ကြောင်း သိရပါတယ်။

ယခုအခါ ယင်းကားနှစ်စီးက ယာဉ်မောင်းတွေကို ရဲက ထိန်းသိမ်းထားပြီး ယာဉ်တိုက်မှုဖြစ်ရခြင်းရဲ့အကြောင်းရင်းကို စုံစမ်းမေးမြန်းနေလျက်ရှိပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly