ကိုယ်ကျိုးစီးပွားအတွက် လိမ်လည်ပြီး ဆေးကုသခဲ့သူ ဆေးဘက်ဝန်ထမ်း ၄၀၀ ကျော်ကို အမေရိကန် ဖော်ထုတ် တရားစွဲ

ကိုယ်ကျိုးစီးပွားအတွက် လိမ်လည်ပြီး ဆေးကုသခဲ့သူ ဆေးဘက်ဝန်ထမ်း ၄၀၀ ကျော်ကို အမေရိကန် ဖော်ထုတ် တရားစွဲ

ဇူလိုင် ၁၄ ။                  ။ နိုင်ငံရဲ့ ဆေးဝါးကုသမှုလုပ်ငန်းထဲမှာ ကိုယ်ကျိုးစီးပွားအတွက်ပဲကြည့်ပြီး မမှန်မကန်နည်းလမ်းနဲ့ ဆေးဝါးကုသခဲ့တဲ့ ကျန်းမာရေးအမှုထမ်း ၄၁၂ ဦးကို တရားစွဲဆိုထားကြောင်း အမေရိကန် အာဏာပိုင်တွေက ဇူလိုင် ၁၃ ရက်မှာ ပြောပါတယ်။

အစိုးရရဲ့ ဖော်ထုတ်တရားစွဲခြင်းခံရသူတွေထဲမှာ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ အခြားဆေးဝါးကျွမ်းကျင်သူတွေ ပါဝင်ကြပြီး ၎င်းထဲက အများစုကတော့ လူနာတွေကို opioids အမျိုးအစားဝင် အကိုက်အခဲပျောက်ဆေးတွေကို သုံးသင့်သည့်အတိုင်းအတာထက်ပိုပြီး အလွန်အကျွံ သောက်သုံးခိုင်းခဲ့တယ်လို့ သိရပါတယ်။ အလားတူ ယင်းရဲ့အကျိုးဆက်အဖြစ် နိုင်ငံမှာ အမျိုးသားဆေးစွဲမှု အကျပ်အတည်းတစ်ခုကိုပါ ဦးတည်ဖြစ်ပေါ်စေခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ဆေးဘက်ဝန်ထမ်းတွေကို တရားစွဲဆိုမှုအကြောင်းကို အမေရိကန် ရှေ့နေချုပ် ဂျက်ဖ် ဆက်ရှင်စ် ကိုယ်တိုင် ကြေညာခဲ့တာဖြစ်ပါတယ်။ ယမန်နှစ်တုန်းကဆိုရင်လည်း မိတို့နိုင်ငံမှာ လူပေါင်း ၆၀,၀၀၀ နီးပါးလောက် ဆေးသုံးလွန်ပြီး သေဆုံးခဲ့ရတာကြောင့် နိုင်ငံအတွက်တော့ လူအသေအပျောက်အများဆုံး ဆေးဝါးအကျပ်အတည်းကြီးတစ်ခု ပေါ်ပေါက်ခဲ့တာနဲ့အတူတူ ဖြစ်ကြောင်း ၎င်းက ပြောသွားပါတယ်။

တရားစွဲခံထားရတဲ့ ဆရာဝန်တွေ၊ အခြားဆေးဝါးကျွမ်းကျင်ဝန်ထမ်းတွေဟာ အောက်ဆီ ကော်ဒုန်းလိုမျိုး သုံးစွဲသူတွေကို အလွန်အကျွံစွဲလမ်းသွားစေနိုင်တဲ့ opioids  တွေကို တရားမဝင်နည်းလမ်းနဲ့ အမြောက်အမြား စီမံထုတ်လုပ်ကာ လူနာတွေကို အလွန်အကျွံသောက်သုံးစေခဲ့တာမျိုးတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

အဆိုပါ တရားစွဲခံခဲ့ရသူတွေဟာ အစိုးရက လုပ်နေတဲ့ ကျန်းမာရေးအာမခံ အစီအစဉ်တွေကိုပါ မလိမ့်တပတ်လုပ်ပြီး ကိုယ်ကျိုးအတွက် အသုံးချခဲ့ကြတယ်လို့ သိရပါတယ်။ ၎င်းတို့ဟာ လူနာတွေကို မလိုအပ်ဘဲနဲ့ ဆေးတွေသုံးဖို့  ညွှန်ကြားခဲ့ပြီး ယင်းသို့လုပ်ခြင်းအားဖြင့် အစိုးရဆီကနေ ဆေးဝါးကုသမှု ကုန်ကျစရိတ်ငွေတွေ ထပ်ကာထပ်ကာတောင်းခံခဲ့ကြသည်ဟုလည်း သိရပါတယ်။

 ထိုကဲ့သို့ မမှန်မကန် လိမ်လည်လုပ်ဆောင်မှုအစီအစဉ်တွေမှာ အစိုးရက ငွေကြေးထောက်ပံ့ပေးခဲ့ရတာကြောင့် စုစုပေါင်း ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံလောက် ဆုံးရှုံးခဲ့ရတယ်လို့လည်း အမေရိကန် တရားရေးဝန်ကြီးဌာနက ထုတ်ပြန်သွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags