အမေရိကန်နှင့် ပြင်သစ်ဆက်ဆံရေးက မကျိုးပျက်နိုင်ဟု ထရမ့်ပြော

အမေရိကန်နှင့် ပြင်သစ်ဆက်ဆံရေးက မကျိုးပျက်နိုင်ဟု ထရမ့်ပြော

ပါရီ၊ ဇူလိုင် ၁၄ ။             ။ ပြင်သစ်နိုင်ငံသို့ ရောက်ရှိနေသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ပြင်သစ်သမ္မတ အမ်မန်နျူရယ် မက်ခရွန်နှင့် နွေးထွေးစွာ တွေ့ဆုံခဲ့ပြီးနောက် အမေရိကန်နှင့် ပြင်သစ်နိုင်ငံကြားက ဆက်ဆံရေးသည် မကျိုးပျက်နိုင်ကြောင်း ဇူလိုင် ၁၃ ရက်က ပြောလိုက်သည်။

“နှစ်နိုင်ငံကြားနဲ့ ကျွန်တော်တို့တွေရဲ့ကြားက မိတ်ဖက်ဆက်ဆံရေးဟာ မကျိုးပျက်နိုင်ဘူး။”ဟု အရှေ့အလယ်ပိုင်းနှင့် အာဖရိကတွင် အစွန်းရောက်နှိမ်နင်းရေးအတွက် အမေရိကန်-ပြင်သစ် ပူးပေါင်းဆောင်ရွက်ရေး ပစ်မှတ်ထား ဆွေးနွေးပြီးနောက် ထရမ့်က ပြောလိုက်ခြင်းဖြစ်သည်။

ပြင်သစ်သမ္မတ မက်ခရွန်ကလည်း ပါရီရာသီဥတု သဘောတူညီမှုမှ အမေရိကန်နုတ်ထွက်သည့် ထရမ့်၏ ဆုံးဖြတ်ချက်ကို လေးစားကြောင်း ပြောဆိုသည်။ သို့သော် ၂၀၁၅ ခုနှစ် ပါရီသဘောတူညီမှုတွင် ပြင်သစ်နိုင်ငံက ဆက်လက်ပါဝင်သွားမည်ဟု ပိုင်းဖြတ်ခဲ့သည်။

“သမ္မတ ထရမ့်ရဲ့ ဆုံးဖြတ်ချက်အပေါ် ကျွန်တော် လေးစားပါတယ်။”ဟု ပါရီမြို့တွင် ပြုလုပ်သော ပူးတွဲသတင်းစာရှင်းလင်းပွဲ၌  မက်ခရွန်က ပြောသည်။ “ထရမ့်အနေနဲ့ သူ့ရဲ့ ရွေးကောက်ပွဲ ကတိအတိုင်း အကောင်အထည် ဖော်တာပဲဖြစ်တယ်။ ကျွန်တော်ဖက်ကတော့ ပါရီသဘောတူညီမှုမှာ ဆက်လက်ပါဝင်သွားမှာဖြစ်ပါတယ်။”ဟု မက်ခရွန်က ပြောသည်။

ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့တွင် ပြီးခဲ့သည့် သီတင်းပတ်က ကျင်းပပြီးစီးခဲ့သော ဂျီ ၂၀ ထိပ်သီးညီလာခံ၌ ထရမ့်က အမေရိကန်အနေဖြင့် ပါရီရာသီဥတုသဘောတူညီမှုမှ နုတ်ထွက်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags