ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ချက်သည် ၆၆ (ဃ) ၏ ပြသနာကို ဖြေရှင်းနိုင်မည် မဟုတ်ဟုဆို

ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ချက်သည် ၆၆ (ဃ) ၏ ပြသနာကို ဖြေရှင်းနိုင်မည် မဟုတ်ဟုဆို
ဓါတ်ပုံ - ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ရေးနှင့် ပုဒ်မ - ၆၆ (ဃ) ဖျက်သိမ်း ရေးလှုပ်ရှားမှုပူးပေါင်းအဖွဲ့

ဇူလိုင် ၁၃ ။               ။ အစိုးရက ပြဌာန်းအတည်ပြုရန် ကြိုးစား နေသည့် ဆက်သွယ်ရေးဥပဒေပြင်ဆင် ချက်သည် ပုဒ်မ ၆၆ (ဃ) ၏ ပြဿနာအရင်းအမြစ်များကို ထိရောက်စွာဖြေရှင်းနိုင်မည်မဟုတ်ဘဲ အားနည်းချက်များရှိ နေသည်ဟု ကဗျာဆရာမောင်းဆောင်းခက ပြောသည်။

ယနေ့၊ ဇူလိုင်လ ၁၃ ရက်နေ့က ရန်ကုန် မြို့၊ ကျောက်တံတားမြို့နယ်၊ ဖန်တီးရာ (Phandeeyar) အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည့် ဆက်သွယ်ရေးဥပဒေ ပြင် ဆင်ရေးနှင့် ပုဒ်မ - ၆၆ (ဃ) ဖျက်သိမ်းရေးလှုပ်ရှားမှုပူးပေါင်းအဖွဲ့၏ သတင်းစာ ရှင်းလင်းပွဲအပြီးတွင် မဇ္ဈိမသို့ ပြောခြင်း ဖြစ်သည်။

"အခုလက်ရှိဥပဒေကြမ်းဆိုရင်လည်း ဘာမှ အဆင်မပြေနိုင်တဲ့အချက်တွေ ရှိနေတယ်။ ဒီ ဥပဒေ ၆၆ ( ဃ) ကို ဖျက်သိမ်းဖို့အထိ ကျွန်တော်တို့က တောင်းဆိုခဲ့တာ။ အခုက ပြင်ဆင်တာ။ ဆိုတော့ အဲဒီမှာ စလွဲတာပေါ့နော်။ အရင် ဥပဒေမှာက ဆက်သွယ်ရေးဝန်ကြီးဌာနဆီ ခွင့်ပြုချက်ရယူရမယ်ဆိုတာမျိုးပါ တယ်။ အခုဟာက အဲဒါကို ဖြုတ်လိုက်တဲ့ အတွက် တရားစွဲဆိုချင်တာ တစ်ခုခု ရှိလာရင် ရဲကပဲ စီမံဆောင်ရွက်ပြီးတော့ အတည်ပြုတာမျိုး၊ ဖမ်းဆီးတာမျိုး လုပ်လို့ ရတယ်ဆိုတော့ ပိုပြီးတော့ တရားစွဲရလွယ်သွားတယ်။ ဆိုးကျိုးက ဘာလဲဆိုတော့ အမှုတွေ ပိုပြီးများလာနိုင်တယ်" ဟု မောင်ဆောင်းခက ပြောသည်။

ထို့ပြင် ပုဒ်မ ၆၆ ဃ သည် လုံးဝ မရှိသင့် သောဥပဒေဖြစ်သည်ဟု ၎င်းက ဆက် ပြောသည်။

"အဓိက ကျွန်တော်တို့ တောင်းဆိုတာက ၆၆ ဃ ဟာ လုံးဝမရှိသင့်ဘူး။ ဖြစ်နေတာ က ၆၆ (ဃ )ဟာ တစ်နည်းမဟုတ်၊ တစ်နည်းနဲ့ အနှောက်အယှက်ပေးနေ တာ" ဟု ကဗျာဆရာမောင်ဆောင်းခက ဆက်ပြောသည်။

"ဥပဒေတစ်ခုဆိုတာ တစ်ခါပြင်ပြီးရင် လိုအပ်ချက်ရှိနေလို့ နောက်တစ်ကြိမ်ပြန်ပြင်ဖို့ဆို နှစ်အတန်ကြာဦးမှာ ဖြစ်တဲ့အတွက် ပြင်တဲ့အချိန်မှာ ပြင်ဆင်စရာရှိတာတွေကို တပါတည်း   ပြည့်စုံအောင်   ပြင်ဆင်ဖို့ လိုပါတယ်။” ဟု မြန်မာဂျာနယ်လစ်ကွန်ယက် အထွေထွေအတွင်းရေးမှူး ဦးဇေယျာလှိုင်ကလည်း ပြောသည်။

ဥပဒေပြင်ဆင်ရာအဆင့်တိုင်းတွင် အများ ပြည်သူများပါဝင်သော ညှိနှိုင်းဆွေးနွေး တိုင်ပင်မှုများ ဆောင်ရွက်ရန်အပါအဝင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ကို အပြီးပယ်ဖျက်ရန်၊လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံနှုန်းများအပေါ် ပြန်လည် ပြင်ဆင်သုံးသပ် ပေးရန် ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ရေးနှင့် ပုဒ်မ - ၆၆ (ဃ) ဖျက်သိမ်း ရေးလှုပ်ရှားမှု ပူးပေါင်းအဖွဲ့က တောင်းဆိုခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly