ပြည်သူတွေဆုံးရှုံးမှု ဥပေက္ခာမပြုဘူးလို့ ဧရာဝတီတိုင်း လူမှုရေးဝန်ကြီးပြော

ပြည်သူတွေဆုံးရှုံးမှု ဥပေက္ခာမပြုဘူးလို့ ဧရာဝတီတိုင်း လူမှုရေးဝန်ကြီးပြော

မြန်မာနိုင်ငံအထက်ပိုင်းကရေများ ပြန်ကျပြီးနောက် ရေကြီးမှုအန္တရာယ်မြင့်တက်လာမည်ဟု မိုးလေဝသပညာရှင်ဖြစ်သူ ဦးထွန်းလွင် သတိပေးထားသည့် ဧရာဝတီတိုင်းတွင် မြို့နယ်ပေါင်း ၂၆မြို့နယ်အနက် လက်ရှိတွင် မြို့နယ် ၉ခုမှအပ ကျန်မြို့နယ်များမှာ ရေကြီးနေပြီဖြစ်သည်။ ၂၀၀၄ခုနှစ်နှင့် ၂၀၁၂ခုနှစ်တွင် ရေကြီးမှုဒဏ် အလူးအလဲခံခဲ့ရသော ဧရာဝတီတိုင်းသားများအတွက် တိုင်းအစိုးရ၏ လက်ရှိ လုပ်ဆောင်ချက်၊ လယ်စိုက်ဧကများ ရေနစ်မြုပ်မှုအခြေအနေနှင့် ရေကြီးမှုအန္တရာယ်မြင့်မားလာပါက မည်ကဲ့သို့ စီမံထားသည်ကို ဧရာဝတီတိုင်းအစိုးရအဖွဲ့၏ လူမှုရေးဝန်ကြီး ဒေါ်ခင်စောမူအား မဇ္ဈိမသတင်းထောက် မင်းမင်းက ဩဂုတ် ၆ရက်၊ ညနေပိုင်းက ဆက်သွယ်မေးမြန်းထားသည်။
 
မေး။ ။ မြို့နယ်ပေါင်း ၂၆မြို့နယ်ရှိတဲ့ ဧရာဝတီတိုင်းထဲမှာ မြို့နယ်ဘယ်လောက်များ ရေကြီးနေပြီလဲ ခင်ဗျ။
ဖြေ။ ။ မြောင်းမြခရိုင်၊ ဖျာပုံခရိုင်၊ လပွတ္တာခရိုင်ပေါ့။ မြောင်းမြခရိုင်က ၃မြို့နယ်၊ ဖျာပုံက ၄မြို့နယ်၊ လပွတ္တာက ၂မြို့နယ်ဆိုတော့ ၉မြို့နယ်ပေါ့။ အဲ့ဒီ ၉မြို့နယ်ကတော့ ရေနဲ့ပတ်သက်လို့ ဘာမှမရှိဘူး။ ကျန်တဲ့ မြို့နယ်မှာက တော့ ရေကြီးတာလေးတွေ ရှိတယ်။ အညာမှဖြစ်သလိုတော့ အိမ်တွေဘာတွေမျှောပါ အဲ့လောက်အထိတော့ မဖြစ်သေးဘူးပေါ့နော်။ ရေက နည်းနည်း၊ နည်းနည်းတော့ တက်တော့ တက်နေတယ်။
 
မေး။ ။ တိုင်းအစိုးရအနေနဲ့ လက်ရှိမှာ ဘာတွေများ လုပ်ဆောင်ပေးနေပါသလဲ။
ဖြေ။ ။ အစိုးရအနေနဲ့ကတော့ လုပ်ထားတာ အများကြီးပဲ။ ကယ်ဆယ်ရေးဆိုပေမယ့် ကျွန်မတို့က ကြိုတင်ပြင် ဆင်မှုပိုင်းပေါ့နော်။ ကိုယ့်နယ်မြေအလိုက်တွေတော့ အကုန်လုပ်ထားတယ်။ အစိုးရအဖွဲ့အနေနဲ့ အခုမှမဟုတ်ဘူး။ ကော်မတီတွေဖွဲ့ပြီးတော့ လုပ်ငန်းတာဝန်တွေသတ်မှတ်ပြီးသား။ ကော်မတီ ၁၂ခုဖွဲ့ပြီးတော့ အကုန်လုံးသက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိတဲ့ တိုင်းအဆင့် အကြီးအကဲတွေ၊ နောက်တစ်ခါ အဘကိုယ်တိုင် ဝန်ကြီးချုပ်ကိုယ်တိုင် ဦးဆောင်ပြီးတော့ ကွင်းဆင်းနေတယ်။
 
မေး။ ။ အဆိုးဆုံးက ဘယ်မြို့နယ်တွေများဖြစ်မလဲ။
ဖြေ။ ။ အဖြစ်များတဲ့ဒေသတွေကတော့ လောလောဆယ် ဟင်္သတခရိုင်ဘက်က မြို့နယ်တွေပေါ့။ နောက်တစ်ခါ ညောင်တုန်းဘက်ပေါ့။
 
မေး။ ။ အဲ့ဒီနေရာတွေက အနေအထားက ဘယ်လိုဖြစ်နေတာလဲ။
ဖြေ။ ။ အနေအထားကတော့ ရေများတာပေါ့နော်။ အဲ့ဒီနေရာတွေက မြို့တွေက တာတွေရဲ့အောက်မှာ ရှိတာပေါ့။ တစ်ဖက်က ရေများလာတဲ့အပေါ်မှာ တာတွေမကျိုးပေါက်ရေး လူထုအားနဲ့စောင့်ကြပ်ပြီးတော့ ဒီလို ဆောင်ရွက်နေတာပေါ့။ ညောင်တုန်းကျတော့လည်း သူက ရေတွေတက်လာတဲ့အခါကျတော့ ကြိုတင်ပြီးတော့ ရေလွတ်ရာကိုရွှေ့ပြီးတော့ ထားတာပေါ့။ တာတစ်ခုခုကြောင့် ရေအလုံးအရင်းနဲ့ဝင်လာပြီး ရေလွတ်ရာကို ပြေးရ၊ ရွှေ့ရတာ အခက်အခဲဖြစ်မှာစိုးလို့ ရေများတဲ့နေရာက အိမ်ထောင်စုတွေကို ရွှေ့ထားတဲ့သဘောပေါ့။ ရေကလည်း တအိအိတက်နေတဲ့ အနေအထားပေါ့။
 
မေး။ ။ အဲ့ဒီ ဒေသခံတွေအတွက် ဘာတွေများ လိုအပ်ချက်ရှိပါသလဲ။
ဖြေ။ ။ အဓိကအားဖြင့် စားစရာ၊ အဝတ်အစားပေါ့။ အိပ်ဖို့ ဥပမာအားဖြင့် ခေါင်းအုံး၊ ခြင်ထောင်၊ ခေါင်းအုံး စသဖြင့်ပေါ့။
 
မေး။ ။ တစ်တိုင်းလုံးမှာ ရေကြီးလို့ နေအိမ်တွေရွှေ့ပြောင်းရတာရော အခုဆိုရင် ဘယ်လောက်များနေပြီလဲ။
ဖြေ။ ။ လူဦးရေအားဖြင့်တော့ သောင်း(တစ်သောင်း)ကျော်တာပေါ့။ သောင်းကျော်တယ်ဆိုတာက ဟိုနားနည်းနည်း၊ ဒီနားနည်းနည်းပေါ့။
 
မေး။ ။  အခြေအနေမဆိုးသေးပေမယ့် ရေက သိသိသာသာ မြင့်တက်လာတယ်လို့ ဒေသခံတွေက ပြောပြချက်အရ သိရပါတယ်။ ဒီအပေါ်မှာရော ဘယ်လိုအစီအမံတွေများ ချမှတ်ထားပါသလဲ။
ဖြေ။ ။ ဒါကတော့ ကျွန်မတို့လည်း ခန့်မှန်းတာပေါ့။ မိုးများလာတယ်ဆို ရေများလာမယ်။ နောက်တစ်ခါ အပေါ်ကရေတွေလည်းစီးလာမယ်ဆိုရင် ရေက ဒီထက်မက တက်လာနိုင်တယ်၊ ဒီလိုမျိုးတော့ ခန့်မှန်းကြတာ ပေါ့။ ဒီလိုဖြစ်လာရင် ဘယ်လိုလုပ်မလဲဆို ကျွန်မတို့က အကုန်လုံးကို ကော်မတီတွေနဲ့ ဆောင်ရွက်ထားပြီးသား၊ ဥပမာပေါ့ ကျေးရွာတစ်ခု ရေမြုပ်လာပြီ၊ လူနေအိမ်ခြေတွေအကုန်မြုပ်ပြီဆို ဒီကျေးရွာဆိုရင် ကုန်းပိုင်းကျတာ ဘယ်နေရာရှိမလဲ။ တစ်ကယ်လို့ ဖြစ်လာပြီဆိုရင် ကုန်းပိုင်းကျတဲ့ ဘုန်းကြီးကျောင်းကို ရွှေ့မလား၊ စာသင်ကျောင်းကို ရွှေ့မလား။ ဒီအထိ စဉ်းစားထားတာပေါ့။ လူတွေသွားလာရေး ခက်ခဲတယ်ဆိုရင်လည်း လှေတို့၊ ဘာတို့နဲ့ ဘယ်လိုသယ်ဆောင်မလဲ။ ဒါမှမဟုတ်လို့ရှိရင်လည်း ဒီလိုမဖြစ်ခင်ကတည်းက ကြိုပြီးတော့ ဆော်ဩပြီးတော့ ဘေးလွတ်ရာနေရာတွေကိုရွှေ့ဖို့ ဒါတွေလည်း သတင်းပြန်ကြားရေးအဖွဲ့တွေနဲ့ ဆော်ဩနေတာတွေရှိတယ်။ ရွှေ့ပြောင်းရပြီဆိုရင် ဒီလူတွေကို နေရာချဖို့၊ စားရေးသောက်ရေး၊ သူတို့ရဲ့ နေရာထိုင်ခင်း၊ နောက်ဆုံး Toilet ဘာညာကအစ လိုရင် တိုးချဲ့ပြီးဆောက်ဖို့ ဒီလိုတွေ ကြိုပြီးတော့ စီမံထားတယ်။  ဖြစ်လာတယ်၊ လိုအပ်မယ်ဆိုရင် လိုအပ်တဲ့အချိန်မှာ အချိန်နဲ့တစ်ပြေးညီဖြစ်ဖို့ ကြိုတင်ပြင်ဆင် ထားပြီးသားပါ။ နောက်တစ်ခါ စားသောက်ရေးအတွက် အရံဆန်ဆိုလည်း ကျွန်မတို့မှာ အဆင်သင့်ရှိတယ်။
 
မေး။ ။ စိုးရိမ်ရတဲ့ တာဘောင်တွေရော ရှိလား။
ဖြေ။ ။ တာဘောင်တွေကတော့ ဆည်မြောင်းကလည်း ခိုင်ခန့်တယ်လို့တော့ ပြောတာပေါ့။ ဒါပေမယ့်လို့လည်း အကုန်လုံးတော့ စောင့်ကြည့်နေတယ်။ ခိုင်တယ်၊ မခိုင်ဘူး။ မဖြစ်နိုင်ဘူးလို့တော့ ဘယ်သူမှ မပြောနိုင်ဘူးပေါ့နော်။
 
မေး။ ။ အခုဆိုရင် ပြည်လည်နေရာချထားရေးက လုပ်ရမယ့်သဘောပေါ့လေ။ ဒီအပေါ်မှာရော တိုင်းအစိုးရအနေနဲ့ ဘာတွေလုပ်ဖို့ရှိမလဲ။
ဖြေ။ ။ ပြည်သူတွေဆုံးရှုံးတဲ့အပေါ်မှာ ဒီအတိုင်းတော့ ဥပေက္ခာပြုပြီးတော့ မထားပါဘူး။ ရှိလာတဲ့အတိုင်းအတာ ပေါ်မှာ အတတ်နိုင်ဆုံး ထောက်ပံ့သွားမယ့် အစီအစဉ်တော့ ရှိပါတယ်။
 
မေး။ ။ အခုလက်ရှိ ဧရာဝတီတိုင်းထဲမှာ ရေကြီး၊ ရေလျှံမှုကြောင့် လယ်စိုက်ဧက ဘယ်လောက်ထိ နစ်မြုပ်နေပြီလဲခင်ဗျ။
ဖြေ။ ။ ဧက တစ်သိန်းကျော်လောက်တော့ မြုပ်နေပြီပေါ့။ ဒါက မြုပ်နေတာပေါ့။ ဘယ်လောက်ပျက်စီးမလဲဆိုတော့ အခုပြောလို့မရသေးဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly