ပြန်ပြည့်မြဲစွမ်းအင်နှင့် မေးခွန်းများ…….

ပြန်ပြည့်မြဲစွမ်းအင်နှင့် မေးခွန်းများ…….
လေအားလျှပ်စစ်တာဘိုင်၊ ငွေဆောင်၊ ညောင်မှော်ရွာ။ ဓါတ်ပုံ - ရွှေထက်

ရန်ကုန်၊ ဇူလိုင်၊ ၄ရက် ။          ။ ငွေဆောင်ကမ်းခြေနဲ့ တဆက်တဆက်တည်းကမ်းခြေရှိတဲ့ ညောင်မှော်ရွာရဲ့ ကုန်းမြင့်တစ်နေရာမှာတော့ ကြီးမားတဲ့ ပန်ကာကြီးတစ်ခုရှိနေတယ်။ နိုင်ငံခြားဇာတ်ကားတွေထဲမှာတော့ အဲဒိလို လေဒလက်ကြီးတွေ အများကြီးထောင်ထားတဲ့ ကွင်းပြင်တွေတွေ့ဖူးပါတယ်။ မြန်မာနိုင်ငံမှာတော့ တစ်ခုတည်းထီးထီးကြီးရှိနေတာ ဘာလို့ပါလိမ့်………

တစ်ခုတည်းသော လေဒလက်ကြီးရှိရာ ညောင်မှော်ရွာကိုရောက်တဲ့အခါမှာတော့ လေဒလက်ကြီးဟာ  ခြံဝင်းကျယ်ကြီးတစ်ခုထဲက တောင်ကုန်းပေါ်မှာ တည်ဆောက်ထားတာကို တွေ့ရပါတယ်။   လေဒလက်ကြီးဟာ ငါးရာကီလိုဝပ် (Watt ငါးသိန်း၊ ယူနစ်အားဖြင့် ငါးရာ)ထုတ်နိုင်တဲ့ လေအားလျှပ်စစ် တာဘိုင်ဖြစ်ပါတယ်။

လေအားလျှပ်စစ်တာဘိုင်၊ ငွေဆောင်၊ ညောင်မှော်ရွာ။ ဓါတ်ပုံ - ရွှေထက်

ငွေဆောင်ကမ်းခြေနဲ့တစ်ဆက်တည်းဆိုပေမယ့် ဒီရွာတွေမှာ အစိုးရကပေးတဲ့လျှပ်စစ်မရရှိသေးပါ။ ဟိုတယ်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်းစသဖြင့် အကောင်ထည်ဖော်လိုတဲ့ လုပ်ငန်းရှင်တွေက မီးစက်တွေကိုအသုံးပြုပြီး လုပ်ငန်းလည်ပတ်နေကြပါတယ်။ ဒီလေအားလျှပ်စစ်တာဘိုင်က အနီးဝန်းကျင်က ဟိုတယ်၊ စားသောက်ဆိုင်တွေကိုရောင်းချဖို့ ရေသန့်ရေခဲထုတ်လုပ်တဲ့ စက်ကိုလည်ပတ်ဖို့ လျှပ်စစ်ထုတ်ပေးနေတာဖြစ်ပါတယ်။

လေအားလျှပ်စစ်တာဘိုင်ကို တည်ဆောက်ရတဲ့အကြောင်းကို ပိုင်ရှင်ဖြစ်တဲ့ သီရိလွင်ကုမ္ပဏီမှ စီအီးအို ဦးဇော်လွင်က “ကျွန်တော်ကတော့၊ကျွန်တော့်လိုအပ်ချက် ကျွန်တော်မီးရနိုင်ဖို့အတွက် ဆက်ပြီး အဆောက်အဦးတွေဆောက်တာမှာ သုံးဖို့အတွက်လုပ်ပေမယ့်၊ ဒီနည်းစနစ်ကိုဆက်သုံးကြမယ်ဆိုရင် ဘာပဲ ပြောပြော တိုင်းပြည်ရဲ့ လိုအပ်တဲ့စွမ်းအင်အတွက် အစိုးရချည်းပဲအားမကိုးပဲနဲ့ ကိုယ့်ဟာကိုယ်လုပ်နိုင်အောင်၊ ဒါကြောင့်ကျွန်တော် လုပ်တာပေ့ါ။” လို့ပြောပါတယ်။

ဦးဇော်လွင်ရဲ့ လေအားလျှပ်စစ်တာဘိုင်ဟာ အောင်မြင်စွာလည်ပတ်နေတာကိုတွေ့ရပါတယ်။ ကမ္ဘာ့သားငှက်ထိန်းသိမ်းရေးရံပုံငွေအဖွဲ့(WWF Myanmar)ရဲ့ စစ်တမ်းပြု တိုင်းတာချက်များအရ မြန်မာနိုင်ငံဟာ လေအားလျှပ်စစ်ထုတ်ယူဖို့ သင့်တော်တဲ့အနေထားမှာရှိပြီး အကောင်အထည်ဖော်မယ်ဆိုရင် ၂၀၅၀ခုနှစ်မှာ တစ်နိုင်ငံလုံးလျှပ်စစ် လိုအပ်ချက်ရဲ့ ၁၇ရာခိုင်နှုန်း(မဂ္ဂါဝပ်တစ်သောင်းကျော်)အထိထုတ်ယူနိုင်မယ်လို့ မြန်မာ့လျှပ်စစ်အနာဂတ်မျှော်မှန်းချက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ၏ လေတိုက်နှုန်းပြပုံ

အထက်ပါပုံကတော့ မြန်မာနိုင်ငံမှာရရှိထားတဲ့ လေတိုက်နှုန်းအရင်းအမြစ်ကို 3TIER တိုင်းတာမှုစနစ်နဲ့ IRENA Global Atlas for Renewable Energy ကတိုင်းတာထားတဲ့ ပုံဖြစ်ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တိုင်းတာချက်အရ မြန်မာနိုင်ငံရဲ့ အနောက်ပိုင်းကမ်းရိုးတန်းဒေသနဲ့ ကုနု်းမြင့်ဒေသတွေဟာ လေစွမ်းအင် ထုတ်ယူဖို့အလားအလာရှိတဲ့ နေရာတွေဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ စွမ်းအင်ဆိုင်ရာမူဝါဒ

မြန်မာနိုင်ငံရဲ့ စွမ်းအင်စီမံကိန်းတွေအတွက် စွမ်းအင်မူဝါဒကိုးချက်ကို ၂၀၁၅ဇန်နဝါရီမှာ ဦးသိန်းစိန်အစိုးရက ထုတ်ပြန်ခဲ့တာရှိပါတယ်။ ဒီကိုးချက်ကတော့ ၁) စွမ်းအင်ထုတ်လုပ်ရာမှာ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်ရဘူး၊ စွမ်းအင်ဆိုင်ရာသဘာဝအရင်းမြစ်တွေကို မပျက်ပြုန်းစေရဘူး။ ၂) လျှပ်စစ်ထုတ်လုပ်ရာမှာ အစိုးရကချည်းမဟုတ်ဘဲ ပုဂ္ဂလိကအခန်းကဏ္ဍကိုပါ ထည့်သွင်းလုပ်ဆောင်ရမယ်။ ၃) စွမ်းအင်ဆိုင်ရာစီမံကိန်းတွေလုပ်ရင် အခြေခံအချက်လက်တွေကို မှန်ကန်စွာကောက်ယူရမယ်ဆိုတဲ့အချက် ၄) စွမ်းအင်ထုတ်ရာမှာ ပြည်တွင်းဒေသခံကိုဦးစားပေးပြီးပေးဖို့နဲ့ ပြည့်မှီမှသာအခြားကိုဖြန့်ဖို့။ ၅) ပြန်ပြည့်မြဲစွမ်းအင်ကိုဦးစားပေးသုံးစွဲဖို့ ၆) စွမ်းအင်ကိုထိရောက်စွာ ထိန်းသိမ်းပြီးသုံးဖို့ ၇) စွမ်းအင်ဆိုင်ရာ သုတေသနနဲ့ ဖွံ့ဖြိုးရေးတွေလုပ်ဖို့ ၈) နိုင်ငံတကာနဲ့ပူးပေါင်းဆေင်ရွက်ဖို့ ၉) စွမ်းအင်ရောင်းချတဲ့နေရာမှာ ဈေးနှုန်းကို Power Purchase Agreement ဆိုင်ရာမူဝါဒတွေကိုလိုက်နာဖို့ဆိုတာတွေ ဖြစ်ပါတယ်။

 မြန်မာတနိုင်ငံလုံးကို လျှပ်စစ်ရောက်ဖို့အတွက် မဟာစီမံကိန်းသုံးခုကို ဦးသိန်းစိန် အစိုးရလက်ထက်မှာ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ ရေးဆွဲခဲ့ပါသေးတယ်။ စွမ်းအင်မဟာစီမံကိန်း၊ National Electrification Planနဲ့ National Electricity Master Plan ဆိုတဲ့ စီမံကိန်းသုံးခုကို ကမ္ဘာ့ဘဏ်၊ Asian Development Bank (ADB)၊ ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်း   ဆောင်ရွက်ရေးအေဂျင်စီ (JICA)တို့နဲ့ ပူးပေါင်းရေးဆွဲခဲ့ပါတယ်။ ဒါပေမယ့်အရပ်ဖက်အဖွဲ့အစည်းများနဲ့ စွမ်းအင်ပညာရှင်များ၊ စွမ်းအင်ဆိုင်ရာ အဖွဲ့အစည်းများက ကန့်ကွက်ထားတာလည်းရှိပါတယ်။ အထက်ပါ စွမ်းအင်စီမံကိန်းတွေဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေပြီး၊ လက်ရှိမှာလူထုကကန့်ကွက်နေတဲ့ ရေအား၊ ကျောက်မီးသွေး၊ ဂတ်စ်စတဲ့ အကြီးစားလျှပ်စစ်ထုတ်လုပ်ရေးများကို အဓိကအားဖြင့် ဦးစားပေးထားတဲ့အတွက် ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရလက်ထက်မှာတော့ စွမ်းအင်မူဝါဒကို ချပြထားခြင်းမရှိသေးပါ။ သို့ပေမယ့်လည်း ၂၀၁၇ခုနှစ် ဇွန်လ၂၅ရက်နေ့၊ ရန်ကုန်မြို့ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှာတော့ အရေးပေါ်လျှပ်စစ်မီးရရှိဖို့လုပ်တဲ့နေရာမှာ တခြားနည်းတွေထက် ကျောက်မီးသွေးသုံးပြီး လျှပ်စစ်ဓါတ်အား ထုတ်ယူတဲ့နည်းကို ပိုမိုအသုံးပြုသင့်ကြောင်း  ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရတွေဆီကို တိုက်တွန်းထားတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင် ဦးဝင်းထိန်က ပြောဆိုတာတယ်လို့ မဇ္ဈိမသတင်းဌာနက ဇွန်၂၅ရက်က ဖော်ပြထားပါတယ်။

လျှပ်စစ်ရရှိမှုနဲ့ လိုအပ်ချက်

မြန်မာနိုင်ငံမှာက အစိုးရတဦးတည်းကနေ လျှပ်စစ်ထုတ်လုပ်ဖြန့်ချိပေးတဲ့စနစ်နဲ့ တောက်လျှောက်လုပ်ဆောင်ခဲ့ တာဖြစ်ပါတယ်။ ၂၀၁၄ခုနှစ်၊အောက်တိုဘာမှာ  လျှပ်စစ်ဥပဒေကိုပြဌာန်းပြီးနောက်ပိုင်းမှာတော့ လျှပ်စစ် ထုတ်လုပ်ရောင်းချတဲ့အလုပ်ကို စီးပွားဖြစ်လုပ်ကိုင်ခွင့်ပြုမှုတွေစတင်လာပါတယ်။ ၂၀၁၇ခုနှစ်၊ ဧပြီလ အထိဆိုရင် လျှပ်စစ်ထုတ်လုပ်ရောင်းချဖို့ ပုဂ္ဂလိကလုပ်ငန်းတွေရဲ့ ရင်းနှီးမြုပ်နှံမှု၂ခုအထိ ခွင့်ပြုပေးထားပြီ ဖြစ်ပါတယ်။ အစိုးရတဦးတည်းကပဲ လျှပ်စစ်ထုတ်လုပ်ဖြန့်ချိပေးတဲ့ပုံစံနဲ့ လုပ်ဆောင်လာမှုမှာ အရှုံးပေါ်မှုတွေလည်းကြုံနေရပြီး မြန်မာတနိုင်ငံလုံးရဲ့ ၃၀ရာခိုင်နှုန်းကျော်ကျော်ကိုပဲ လျှပ်စစ်မီးပေးနိုင်သေးတာ ဖြစ်ပါတယ်။ လက်ရှိမှာမဂ္ဂါဝပ် ငါးထောင်ကျော်ကို ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်နေသေးတာဖြစ်ပါတယ်။ ဒါပေမယ့်လည်းနိုင်ငံဖွံ့ဖြိုးမှုအတွက် လျှပ်စစ်လိုအပ်ချက်ကပုံမှန်မြင့်တက်နေတာကိုလည်းတွေ့ရပါတယ်။

အမျိုးသားအဆင့်စွမ်းအင်မဟာဗျူဟာစီမံကိန်းတွင်ဖော်ပြထားသော မြန်မာနိုင်ငံ၏လျှပ်စစ် လိုအပ်ချက်ပြဇယား

လက်ရှိမြန်မာနိုင်ငံမှာဖြန့်ချိနေတဲ့ လျှပ်စစ်ဓါတ်အားတွေရဲ့၆၇ရာခိုင်နှုန်းက အကြီးစားရေအားလျှပ်စစ်စီမံကိန်း တွေကနေဖြစ်ပြီးတော့ ၃၀ရာခိုင်နှုန်းကတော့ သဘာဝဓါတ်ငွေသုံးလျှပ်စစ်ထုတ်လုပ်ရေး တွေကနေဖြစ်ပါတယ်။ အကြီးစားရေအားလျှပ်စစ်နဲ့ ဂတ်စ်ကနေ လျှပ်စစ်ထုတ်ယူမှုဟာ သဘာဝ ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုတွေ၊  ဒေသခံလူထုအပေါ်ထိခိုက်မှုတွေ၊ အခွင့်အရေးဆုံးရှုံးမှုတွေဖြစ်လာလို့ လူထုက ကန့်ကွက်ကြတာတွေလည်း ဖြစ်ပေါ်နေခဲ့၊ ဖြစ်ပေါ်နေဆဲပါ။

ထွက်ပေါက်တစ်ခုသည်

ပြန်ပြည့်မြဲစွမ်းအင်တွေဟာ မြန်မာနိုင်ငံနဲ့သင့်တော်မှုရှိပြီး လျှပ်စစ်လိုအပ်ချက်ဖြည့်စည်းရာမှာ ကာလတိုအတွင်း ရရှိနိုင်ပြီး ရေရှည်မှာဆိုရင် ရာနှုန်းပြည့်ဖြစ်နိုင်ခြေရှိတယ်လို့ WWF မြန်မာက ထုတ်ပြန်တဲ့ မြန်မာ့လျှပ်စစ် အနာဂတ်မျှော်မှန်းချက် အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ပြန်ပြည့်မြဲစွမ်းအင်တွေထဲမှာ နေရောင်ခြည်သုံးစွမ်းအင် (ဆိုလာ)၊ လေအားလျှပ်စစ်၊ အသေးစားရေအားလျှပ်စစ်၊ ပင်လယ်ရေအောက်မှာ ရေစီးကြောင်းအားနဲ့ လည်ပတ်စေတဲ့တာဘိုင်အသေးလေးတွေကိုသုံးတဲ့လျှပ်စစ် ထုတ်လုပ်မှု(Run-of-river hydro)၊ ဘိုင်အိုမက်စ်၊ ဇီဝအပူကိုသုံးပြီး လျှပ်စစ်ထုတ်ယူတာတွေကို မြန်မာနိုင်ငံမှာအသုံးပြုနိုင်တယ်လို့လည်း သိရပါတယ်။ မြန်မာနိုင်ငံရဲ့လျှပ်စစ်မီးမရရှိသေးတဲ့ ၇၀ရာခိုင်နှုန်းဝန်းကျင်သော ကျေးလက်ဒေသတွေမှာ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာများကိုတပ်ဆင်ပြီး လျှပ်စစ်မီး အခက်ခဲကို ဖြေရှင်းနေကြပါတယ်။

မြန်မာနိုင်ငံလျှပ်စစ်ထုတ်လုပ်ရာမှာ သုံးနိုင်တဲ့ပြန်ပြည့်မြဲစွမ်းအင်အမျိုးအစားများနဲ့ ထုတ်ယူနိုင်တဲ့ရာခိုင်နှုန်းအချိုးအစား

လက်ရှိမှာစွမ်းအင်ဆိုင်ရာမဟာဗျူဟာ စီမံကိန်းတွေအရ ပြန်ပြည့်မြဲစွမ်းအင်ကို ၂၀၃၀ခုနှစ်ရောက်သည်အထိ တနိုင်ငံလုံးလျှပ်စစ်ထုတ်လုပ်နိုင်စွမ်းရဲ့ ကိုးရာနှုန်းကိုသာသုံးဖို့ လျာထားတာကို မြန်မာ့စွမ်းအင်ဆိုင်ရာ မဟာဗျူဟာစီမံကိန်း(၂၀၁၅)အရ သိရပါတယ်။

“တကမ္ဘာလုံးကတွန်းတွန်းတိုက်တိုက်နဲ့ သွားနေတဲ့ ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍကို ၂၀၃၀မှာတောင်မှ ၉ရာခိုင်နှုန်းပဲရှိတယ်။ တကမ္ဘာလုံးက အင်မတန်ကြောက်ရွံလာတဲ့ ကျောက်မီးသွေးတို့၊ ရေအားလျှပ်စစ် အကြီးကြီးတွေကို ရာခိုင်နှုန်းအများကြီးထားထားတယ်။ အဲ့ဒါကိုကြည်လို့ရင် နိုင်ငံတော်က ဦးတည်နေတာကိုက အဲ့ဒိလမ်းကြောင်းကိုပဲဦးတည်နေတယ်” လို့ မြန်မာ့ပြန်ပြည့်မြဲစွမ်းအင်အသင်း (REAM)က အတွင်းရေးမှူး စွမ်းအင်ပညာရှင်ဦးအောင်မြင့်ကပြောပါတယ်။

“လက်ရှိမှာသုံးနေတာ ၅၀၀၀(မဂ္ဂါဝပ်)ပဲသုံးနေတာ၊ ဘယ်လောက်ထိလုပ်နိုင်သလဲဆိုရင် ချက်ချင်းလိုအပ်ချက်၊ အလယ်လတ်ကာလလိုအပ်ချက်၊ ကာလရှည်လိုအပ်ချက်ဆိုပြိး ပိုင်းပြီးလုပ်မယ်ဆိုရင် ပြန်ပြည့်မြဲစွမ်းအင်နဲ့ ၂ဆဖြစ်ဖို့ဆိုတာ အင်မတန်အဆင်ပြေတဲ့နည်းပညာဖြစ်တယ်။ နိုင်ငံတော်အစိုးရလုပ်မယ့် စီမံကိန်းအတိုင်းဆို မဖြစ်လာဖို့က ပိုများတယ်”လို့ စီမံကိန်းအပေါ်သုံးသပ်ပါတယ်။

ပြန်ပြည့်မြဲစွမ်းအင်တွေဖြစ်တဲ့ လေအားလျှပ်စစ်နဲ့ ဆိုလာစွမ်းအင်တွေဟာဆိုရင် မြန်မာနိုင်ငံနဲ့ သင့်တော်တဲ့ အခြေနေမှာရှိပြီးတော့ လျှပ်စစ်ထုတ်ယူဖို့ကြာချိန်ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင်လည်း ကွာခြားချက်မြင့်တာကို တွေ့ရပါတယ်။

အဓိကထားတဲ့အရင်းအမြစ်တွေကနေ လျှပ်စစ်ထုတ်ယူဖို့ ကြာချိန်နှိုင်းယှဉ်ချက်ပြဇယား

လေအားနဲ့ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ထုတ်ယူဖို့က ၂နှစ်အထိကြာနိုင်ပြီး၊ အစိုးရက အကောင်ထည်ဖော်ဖို့ အဆိုပြုနေတဲ့ ရေအားလျှပ်စစ်က ၈နှစ်ကျော်၊ ကျောက်မီးသွေးသုံးလျှပ်စစ်ထုတ်ယူဖို့က လေးနှစ်၊ သဘာဝဓါတ်ငွေ့သုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံက ၄နှစ်စသဖြင့် ကြာနိုင်ပါတယ်။

“၂၀၁၆တုန်းက အိန္ဒိယမှာအခုမြန်မာနိုင်ငံမှာအကြီးဆုံး ရဲရွာရေအားလျှပ်စစ်ထက် နည်းနည်းလေးပဲသေးတယ်၊ လေအားလျှပ်စစ်တာဘိုင်၆၄၅မဂ္ဂါဝပ်ကို ၈လတည်းနဲ့ အပြီးလုပ်ပြသွားတယ်။တနှစ်အတွင်း လျှပ်စစ်ရတယ်။ ဒီနေ့စဆင် နောက်၈လကြာရင်လျှပ်စစ်ရတယ်။ ဒါဟာမြန်မာနိုင်ငံအတွက်အသင့်တော်ဆုံးပဲ။ အရေးကလည်းကြီးနေပြီး၊ အလျင်လည်းလိုနေတယ်။ ရေတိုအတွက်ဆို သေချာတယ် ဆိုလာနဲ့ Wind (လေအား)ပဲ”လို့ WWFမြန်မာမှ စွမ်းအင်ကဏ္ဍမန်နေဂျာ ကိုရွှန်းစိုဦးကပြောပါတယ်။

အခြားနိုင်ငံများ၏လေအားလျှပ်စစ်နဲ့ နေရောင်ခြည်သုံးလျှပ်စစ်ထုတ်လုပ်မှု(ဆိုလာ)ကို ၂၀၁၄ခုနှစ်အတွင်းအသုံးပြုမှုနဲ့ ၂၀၂၀ခုနှစ် လျာထားချက်ပြ ဇယား

ဘာက ခက်နေတာလဲ၊ တကယ်ရော ခက်သလား

မြန်မာနိုင်ငံအစိုးရအနေနဲ့ လောလောဆယ်မှာ လျှပ်စစ်စွမ်းအင်ကဏ္ဍနဲ့ပတ်သက်ပြီး ပြန်ပြည့်မြဲစွမ်းအင်တွေကို ပိုမိုအသုံးပြုလာဖို့ကို ဖွင့်ဟလာတာမျိုးမရှိသေးပါ။ ဦးထင်ကျော်အစိုးရလက်ထက် အစိုးရသစ်ရဲ့ ရက်ပေါင်းတစ်ရာအကြောင်းကို အစိုးရပိုင်သတင်းစာကြေးမုံသတင်းစာ(၅လပိုင်း၁၉ရက်နေ့ထုတ်) ဖော်ပြချက်အရ လျှပ်စစ်စွမ်းအင်ကဏ္ဍမှာ ဦးသိန်းစိန်အစိုးရလက်ထက်က စွမ်းအင်မဟာဗျူဟာစီမံကိန်းထဲကအတိုင်းပဲ အကြီးစားရေအားလျှပ်စစ်၊ သဘာဝဓါတ်ငွေ့သုံးနဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးလုပ်ငန်းတွေကို အကောင်ထည်ဖော်သွားမယ်ဆိုတာမျိုး ဖော်ပြထားပါတယ်။ အစိုးရအနေနဲ့ ပြည်သူလူထုက ကန့်ကွက်မှုတွေရှိထားတဲ့ စီမံကိန်းတွေကိုပဲ ဘာလို့ဆက်လုပ်ဖို့ လုပ်နေရတာလဲဆိုတာကို WWFမြန်မာမှ ကိုရွှန်းစိုဦးက သုံးသပ်ပြောပြပါတယ်။

“ဘာလို့လဲဆိုတော့ ကျနော်တို့အစိုးရကလေ လက်ရှိရေအားတို့၊ ဂတ်စ်တို့ကျတော့ အတွေ့အကြုံလည်း ရှိခဲ့ပြီးသား၊ လုပ်လည်းလုပ်ခဲ့ပြီးသား၊အဲ့ဒါကြောင့် ကိုယ်ကျွမ်းကျင်ရာကို အားသန်ကြတယ်။နောက်ပြီး ဆိုလာနဲ့ Windက နည်းပညာအသစ်ဖြစ်တယ်၊ အစိုးရထဲမှာ့ပညာရှင်ရှားတာကြောင့်လည်းပါတယ်”

ငွေဆောင်မှာဆင်ထားတဲ့ လေအားလျှပ်စစ်တာဘိုင်ကိုစီးပွားရေးလုပ်ငန်းရှင်တစ်ဦးတည်းက အကုန်ကျခံပြီး ဆောက်လုပ်ထားတာဖြစ်ပါတယ်။  ဂျာမနီကပစ္စည်းကိုဝယ်၊ နည်းပညာကိုလည်းရယူကာ၊ တပ်ဆင်ပြီး ၁နှစ်အတွင်းမှာ လျှပ်စစ်ထုတ်ယူနိုင်ခဲ့တာပါ။ ပစ္စည်းကိုနိုင်ငံအတွင်းနဲ့ တည်ဆောက်မယ့်နေရာအထိ ရောက်အောင်သယ်ယူချိန်မှာသာ ကြာမြင့်မှုရှိခဲ့တယ်လို့လဲ သိရပါတယ်။ လက်ရှိမှာ ဒီတာဘိုင်ရဲ့လည်ပတ်မှုကို စောင့်ကြည့်ထိန်းသိမ်းနေတာ မြန်မာအင်ဂျင်နီယာတစ်ယောက်ဖြစ်ပါတယ်။ အခုလိုထိန်းသိမ်းစောင့်ရှောက်မှု တွေ လုပ်နိုင်ဖို့လည်း နိုင်ငံခြားမှာ သွားရောက်သင်ကြားခဲ့ရတယ်လို့ သိရပါတယ်။

လေအားလျှပ်စစ်တာဘိုင်တည်ဆောက်ထားသူ ဦးဇော်လွင်က “ဒီမှာရှိတဲ့လျှပ်စစ်အင်ဂျင်နီယာတွေကိုလည်း သင်ပေးမယ်ဆိုရနိုင်ပါတယ်။ နည်းပညာဆိုတာ လိုချင်လို့ရှာရင်ရတာပဲလေ။ လုပ်ပေးချင်စိတ်ပဲလိုတယ်၊ ကိုယ်ကတော့ ဗမာတစ်ယောက်နေနဲ့ ရှိထားပြီးသား လုပ်လည်းလုပ်ထားပြီးသားဆိုတော့ ကူညီပေးလို့ရတယ်”

Mizzima Weekly