ပင်လယ်ကွေ့ခရီးစဉ်တွင် ကာတာအရေးကိစ္စကို ထိန်းသိမ်းပေးနိုင်ရန် တိုင်လာဆန်မျှော်မှန်း

ပင်လယ်ကွေ့ခရီးစဉ်တွင် ကာတာအရေးကိစ္စကို ထိန်းသိမ်းပေးနိုင်ရန် တိုင်လာဆန်မျှော်မှန်း

ဇူလိုင် ၁၁ ။                 ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တိုင်လာဆန်သည် ကာတာနှင့်အာရပ်နိုင်ငံများကြားရှိ ဖြစ်ပွားနေသော ပဋိပက္ခအား ကြားဝင်ဖျန်ဖြေပေးနေသည့် ကူဝိတ်နိုင်ငံသို့ တနင်္လာနေ့က ရောက်ရှိခဲ့ပြီး နှစ်များစွာအတွင်း ပင်လယ်ကွေ့ဒေသ၌ အဆိုးရွားဆုံးကြုံတွေ့နေရသော အရေးကိစ္စအား ထိန်းသိမ်းပေးနိုင်ဖို့ ဆွေးနွေးမှုများပြု လုပ်ရန် စီစဉ်ထားသည်။

တိုင်လာဆန်သည် ကူဝိတ်၊ ကာတာနှင့် ဆော်ဒီအာရေဗျနိုင်ငံများသို့ ကြာသာပတေးနေ့အထိ ခေါက်တုံ့ခေါက် ပြန်သွားလာမည်ဖြစ်ပြီး ပင်လယ်ကွေ့ပဋိပက္ခတွင် ဝါရှင်တန်အနေဖြင့် ပထမဦးဆုံးအကြိမ်အဖြစ် လေးလေးနက်နက် ကြားဝင်ကိုင်တွယ်သွားမည်ဖြစ်သည်။

သူသည် ပင်လယ်ကွေ့နိုင်ငံများကြားတွင် ဦးဆောင်၍ ကြားဝင်ဖျန်ဖြေပေးနေသော ကူဝိတ်နိုင်ငံခေါင်းဆောင် အီမာရှိတ်ခ်ဆာဘားအယ်လ်အာမက်အယ်ဆာဘား နှင့်အတူ ဆွေးနွေးပွဲချက်ချင်း   ပြုလုပ်ခဲ့ကြောင်း KUNA သတင်းဌာနမှ သတင်းတင်ပြခဲ့သည်။

ထို့နောက်တွင် တိုင်လာဆန်သည် ကူဝိတ်နိုင်ငံခြားရေးဝန်ကြီး ရှိတ်ခ်ဆာဘားခါလက်အယ်ဆာဘားနှင့်အတူ ဆွေးနွေးသွားရန်လည်း စီစဉ်ထားသည်။

ဗြိတိန်နိုင်ငံတော်လုံခြုံရေးအကြံပေး မာ့ခ်စစ်ဝဲလ်သည်လည်း တိုင်လာဆန်နှင့် ကူဝိတ်နိုင်ငံခြားရေးဝန်ကြီးတို့ ပြုလုပ်မည့်ဆွေးနွေးပွဲသို့ တက်ရောက်မည်ဖြစ်သည်။

ယခုအငြင်းပွားဖွယ်ပြသနာသည် ဆော်ဒီဦးဆောင်သည့် မဟာမိတ်များက ကာတာနိုင်ငံသည် အစ္စလာမ်မစ် အစွန်းရောက်အဖွဲ့များနှင့် ရှီးအိုက်များလွှမ်းမိုးရာအီရန်တို့နှင့် အဆက်အသွယ်ရှိနေသည်ဟု စွပ်စွဲကာ အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ရာမှ ကြီးမားလာခြင်းဖြစ်သည်။

ပြီးခဲ့သောအပတ်က အီဂျစ်တွင်တွေ့ဆုံဆွေးနွေးမှုအရ ကာတာသည် တောင်းဆိုချက်များကို သဘောတူရန် ငြင်းဆန်ခဲ့သောကြောင့် ဆော်ဒီအာရေဗျနှင့် ၎င်းတို့၏မဟာမိတ်များသည် သဘာဝဓာတ်ငွေ့ချမ်းသာကြွယ်၀ သည့် ကာတာအပေါ် အရေးယူပိတ်ဆို့မှုများ ပိုမိုတင်းကြပ်သွားရန် စီမံခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags