ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအပေါ် လူထုထောက်ခံမှု အနိမ့်ဆုံးကျဆင်းနေ

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအပေါ် လူထုထောက်ခံမှု အနိမ့်ဆုံးကျဆင်းနေ

ဇူလိုင် ၁၀ ။              ။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအပေါ် လူထုထောက်ခံမှုနှုန်းဟာ လက်ရှိအချိန်မှာ ၎င်းရဲ့ ရာထူးသက်တမ်းအတွင်း အနိမ့်ဆုံးလယ်ဗယ်ကို ကျဆင်းနေခဲ့ပြီဖြစ်ကြောင်း နောက်ဆုံးကောက်ယူထားခဲ့တဲ့ စစ်တမ်းတွေက ဖော်ပြနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ တိုကျို ရွေးကောက်ပွဲတွေမှာလည်း ၎င်းရဲ့ အာဏာရပါတီဟာလည်း သမိုင်းဝင်ရှုံးနိမ့်မှုနဲ့ ကြုံတွေ့ခဲ့ရပြီးနောက်ပိုင်း ယခုလို ရှင်ဇိုအာဘေးအပေါ် လူထုထောက်ခံမှု အဆိုးရွားဆုံး အခြေအနေတွေထဲမှာ ကျရောက်နေခဲ့တာဖြစ်ပါတယ်။

ယင်းနိုင်ငံမှာတော့ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်တုန်းက ဖြစ်ပေါ်နေခဲ့တဲ့ နျူကလီးယား ဘေးဒုက္ခဆိုးဖြစ်စဉ်နဲ့အတူ စီးပွားရေးကျဆင်းနေမှုအပေါ် ယခင်အစိုးရရဲ့ ကိုင်တွယ်ဆောင်ရွက်ပုံအပေါ် ပြည်သူတွေ အားမလိုအားမရဖြစ်ခဲ့ပြီးနောက်မှာပဲ ၂၀၁၂ ဒီဇင်ဘာမှာပဲ အာဘေး အစိုးရ တက်လာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း တိုကျို ရွေးကောက်ပွဲ ဇူလိုင် ၂ ရက်မဲပေးမှုမှာပဲ ၎င်းရဲ့ အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ အကြီးအကျယ် ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အလားတူ အာဘေးအနေနဲ့ တစ်ဘက်မှာလည်း အဂတိလိုက်စားမှု မကောင်းသတင်းတွေနဲ့ပါ ရင်ဆိုင်နေခဲ့ရပြီး ထင်ရှားတဲ့ဖြစ်စဉ်တစ်ခုအနေနဲ့ စီးပွားရေးလုပ်ငန်းသဘောတူညီချက်တစ်ခုမှာ ၎င်းရဲ့ မိတ်ဆွေတစ်ဦးကို မျက်နှာသာပေး ခွင့်ပြုပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပါ ရင်ဆိုင်ထားရသူဖြစ်ပါတယ်။

ဂျပန်သတင်းစာ Asahi Shimbun က မဲဆန္ဒရှင် ၂,၀၀၀ ကျော်ကို စစ်တမ်းတစ်ရပ် ကောက်ယူခဲ့ရာမှာတော့ ရှင်ဇိုအာဘေးအစိုးရအပေါ် ထောက်ခံမှုနှုန်းဟာ တစ်ပတ်အတွင်းမှာပဲ ငါးရာခိုင်နှုန်းကျဆင်းသွားပြီး ထောက်ခံမှုနှုန်း ၃၃ ရာခိုင်နှုန်းသာ ရှိခဲ့တယ်လို့ သိရပါတယ်။

အလားတူ အရောင်းရဆုံးသတင်းစာ Yomiuri Shimbun  သီးခြားကောက်ယူခဲ့တဲ့လူထုစစ်တမ်းတစ်ခုအရလည်း ၎င်းအစိုးရအပေါ် ထောက်ခံမှုနှုန်းဟာ ယခင်လကကကောက်ယူခဲ့တဲ့စစ်တမ်းနဲ့ ယှဉ်ရင် ကျဆင်းသွားပြီး ၃၆ ရာခိုင်နှုန်းသာ ရှိတော့တယ်လို့ သိရပါတယ်။ အဆိုပါ နှုန်းထားတွေဟာ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး စတင်အာဏာရပြီးနောက်ပိုင်း အနိမ့်ဆုံး နှုန်းထားတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly