ဆီးရီးယား အပစ်ရပ်မှုက အီရန်အတွက် အမြတ်မထွက်သင့်ဟု နေတန်ယာဟု ပြော

ဆီးရီးယား အပစ်ရပ်မှုက အီရန်အတွက် အမြတ်မထွက်သင့်ဟု နေတန်ယာဟု ပြော

ဂျေရုဆလင်၊ ဇူလိုင် ၁၀ ။           ။ ဆီးရီးယားအနောက်တောင်ပိုင်းတွင် အပစ်ရပ်ရေး သဘောတူလိုက်သည်ကို ကြိုဆိုကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဇူလိုင် ၉ ရက်က ပြောသော်လည်း ယင်းအပစ်ရပ်ရေးက ဆီးရီးယားတွင် အီရန်၏ စစ်ရေးတည်ရှိမှု အခြေခိုင်သွားသည်မျိုး မဖြစ်စေသင့်ကြောင်း မှတ်ချက်ချသည်။

အမေရိကန်နှင့် ရုရှ ကြားဝင်စေ့စပ်သည့် အပစ်ရပ်ရေးသဘောတူညီမှုသည် ဇူလိုင် ၉ ရက် အစောပိုင်းတွင် စတင်အသက်ဝင်သည်။

“ဆီးရီးယားက စစ်မှန်တဲ့ အပစ်ရပ်ရေးကို အစ္စရေးက ကြိုဆိုတယ်။ ဒါပေမယ့် ဒီအပစ်ရပ်သဘောတူညီမှုဟာ အီရန်ရဲ့ စစ်ရေးခြေကုပ်ယူမှု မြဲသွားမှာမျိုး မဖြစ်စေသင့်ဘူး။”ဟု ဘန်ဂျမင်နေတန်ယာဟုက သီတင်းပတ် ကက်ဘိနက်အစည်းအဝေးတွင် ပြောသည်။

ယခုအခြေအနေကို ပြီးခဲ့သည့် သီတင်းပတ်အတွင်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်ဇ်တေလာဆန်နှင့် ရုရှသမ္မတ ဗလာဒီမာပူတင်တို့နှင့် ဆွေးနွေးခဲ့ဖူးကြောင်း၊ ၎င်းတို့နှစ်ဦးစလုံးက အစ္စရေး၏ အနေအထားကို နားလည်ပြီး အစ္စရေး လိုအပ်ချက်များကို ထည့်တွက်မည်ဟု ပြောဆိုခဲ့ကြောင်းလည်း နေတန်ယာဟုက ဖြည့်စွက်ဆိုသည်။

လက်နက်ကြီးထွားရေး အလေးထားလုပ်ဆောင်နေသော လက်ဘနွန်အခြေစိုက် ရှီယိုက်စစ်သွေးကြွ ဟဇ်ဘိုလာအဖွဲ့ အားကောင်းခြင်းကို တားဆီးနိုင်ရန် အစ္စရေးက အဆီးအတားများကို ခိုင်ခိုင်မာမာ တည်ဆောက်လျက် ထားရှိကြောင်းလည်း ဝန်ကြီးချုပ်က ရှင်းပြသည်။

“ကျွန်တော်တို့ နယ်စပ်တစ်လျှောက် ဟဇ်ဘိုလာတွေ ခြေကုပ်ယူမှာကို တားဆီးရပါတယ်။ ဆီးရီးယားမှာလည်း အီရန်စစ်တပ် ခိုင်ခိုင်မာမာ ရှိနေမှာကိုလည်း တားဆီးရမှာပဲဖြစ်ပါတယ်။”ဟု ၎င်းက ပြောခဲ့သည်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှ သမ္မတ ပူတင်တို့က ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့တွင် ကျင်းပသော ဂျီ ၂၀ ထိပ်သီးအစည်းအဝေး ဇူလိုင် ၇ ရက်နေ့တွင် ဆီးရီးယား၌ တစ်စိတ်တစ်ဒေသ အပစ်ရပ်ရေးကို ဇူလိုင် ၉ ရက် ဂရင်းနစ်စံတော်ချိန် ကိုးနာရီမှ စတင်ရန် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ သဘောတူမှုအရ ဒမတ်စကပ်စံတော်ချိန် နေ့လယ်ပိုင်းမှ စတင်ကာ ဒါရား၊ ဆွီးဒါနှင့် ကိုနီးထရား ပြည်နယ်သုံးပြည်နယ်တွင် အပစ်ရပ်ပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly