ပီရူးနိုင်ငံ၌ နယ်လှည့်ခရီးသည်ဘတ်စ်ကား မတော်တဆဖြစ်မှုကြောင့် ၈ဦးသေဆုံးပြီး ၃၅ဦးဒဏ်ရာရ

ပီရူးနိုင်ငံ၌ နယ်လှည့်ခရီးသည်ဘတ်စ်ကား မတော်တဆဖြစ်မှုကြောင့် ၈ဦးသေဆုံးပြီး ၃၅ဦးဒဏ်ရာရ

လီမာ၊ ဇူလိုင် ၁၀ ။              ။ ပီရူးနိုင်ငံလီမာမြို့တွင် တနင်္ဂနွေနေ့ကဖြစ်ပွားခဲ့သော နယ်လှည့်ခရီးသည်ဘတ်စ်ကား မတော်တဆဖြစ်မှု၌ သေဆုံးသူဦးရေမှာ ၈ဦးအထိမြင့်တက်လာခဲ့ပြီး ဒဏ်ရာရသူအရေအတွက်မှာ ၃၅ဦးအထိ ရှိလာပြီဖြစ်ကြောင်း ပီရူးမှ စေတနာ့ဝန်ထမ်းမီးသတ်သမားများအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောခဲ့သည်။

အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့သည် ဒဏ်ရာရရှိသူ ၃၆ဦးကို ဆေးရုံသို့ခေါ်ဆောင်လာခဲ့စဉ်တွင် တစ်ဦးမှာ လမ်း၌ကွယ်လွန်ခဲ့သောကြောင့် သေဆုံးသူအရေအတွက် ၈ဦးအထိ   မြင့်တက်လာခြင်းဖြစ်ကြောင်း  လီမာမြို့မှ မီးသတ်သမား အလက်ဂျန်ဒရိုလီယွန်က ဒေသတွင်းမီဒီယာများကို ပြောခဲ့သည်။

ဒဏ်ရာရရှိသူများထဲမှ နှစ်ဦးမှာ နိုင်ငံခြားသားများဖြစ်ကြပြီး ချီလီနိုင်ငံသားတစ်ဦးနှင့် ကနေဒါနိုင်ငံသားတစ်ဦး ဖြစ်ကာ ကလေးငယ် ၇ဦးလည်းပါဝင်ခဲ့ကြောင်းနှင့် ထိုသူများအားလုံးကို ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောခဲ့သည်။

လီမာမြို့လယ်ခေါင်သို့ သွားရောက်လည်ပတ်အပြီးတွင် နယ်လှည့်ခရီးသည်များကို သယ်ဆောင်လာခဲ့သော အမိုးပွင့်နှစ်ထပ်ကားတစ်စီးသည် မတော်တဆမှုဖြစ်ပွားခဲ့ပြီး တောင်ဆင်းအတိုင်း ၇မီတာခန့် လိမ့်ဆင်းသွားခဲ့ ကြောင်း သိရသည်။

ယင်းဖြစ်စဉ်အတွင်း ဘတ်စ်ကားအတွင်းမှ ခရီးသည် ၄ဦး ထွက်ကျခဲ့ပြီး အခြား၃ဦးမှာ ဘတ်စ်ကားအောက်သို့ ကျကာ ကြိတ်မိခဲ့သောကြောင့် သေဆုံးခဲ့ကြခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောခဲ့ သည်။

ဆန်ခရစ္စတိုဘယ်တောင်ကုန်းသည် လီမာမြို့အား အပေါ်စီးမှ မြင်ကွင်းကျယ်ကျယ်ဖြင့် ကြည့်ရှုနိုင်သောကြောင့် နယ်လှည့်ခရီးသည်အများအပြားသည် ထိုတောင်ကုန်းပေါ်သို့ ဘတ်စ်ကားများဖြင့် လာရောက်လေ့ရှိကြပြီး ယင်းသို့လာရောက်စဉ်အတွင်း ယခုလို ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly