ကျောင်းသားသမဂ္ဂများ အစိုးရသစ်လက်ထက်တွင် တရားဝင်ရပ်တည်ခွင့်ရဟု တိုင်းဝန်ကြီးချုပ်ပြော

ကျောင်းသားသမဂ္ဂများ အစိုးရသစ်လက်ထက်တွင် တရားဝင်ရပ်တည်ခွင့်ရဟု တိုင်းဝန်ကြီးချုပ်ပြော

ရန်ကုန်   ဇူလိုင်   ၉ ။           ။ လက်ရှိ အစိုးရသစ်လက်ထက်တွင် ကျောင်းသားသမဂ္ဂများသည် တရားမဝင် အသင်း မဖြစ်ခဲ့ကြောင်းနှင့် တရားဝင်ရပ်တည်ခွင့်ရကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက  ယနေ့ ဇူလိုင်လ ၉ ရက်တွင် ပြောသည်။

ရန်ကုန်တက္ကသိုလ်၊ တကသရင်ပြင် အဆောက်အအုံဟောင်းနေရာတွင် အဆောက်အဦသစ် ဆောက်လုပ်ရန် ယနေ့ ပြုလုပ်သည့် ပန္နက်ချသည့် အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

"ကျောင်းသားသမဂ္ဂဟာ ဘယ်တုန်းကမှ တရားမဝင်အသင်း မဖြစ်ခဲ့ပါဘူး။ ဘယ်အစိုးရမှ တရားမဝင်အသင်း ကြေညာတဲ့အထဲမှာ ကျောင်းသားသမဂ္ဂ မပါခဲ့ပါဘူး။ ဒါကြောင့်မို့   ကျောင်းသားသမဂ္ဂရဲ့ တရားဝင်ရပ်တည်ခွင့် ဟာ အလွန်အင်မတန်အရေးကြီးပါတယ်။ အခု အစိုးရသစ်လက်ထက်မှာ အားလုံးဟာ တရားဝင်ရပ်တည်ခွင့် တစ်ခု ရခဲ့ပြီဖြစ်ပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

ထို့ပြင် တရားဝင်ရပ်တည်ခွင့်ရရှိထားသည့်အပေါ် ကျောင်းသားသမဂ္ဂခေါင်းဆောင်များ တာဝန်ကျေပွန်အောင် ရပ်တည်ရန် အလွန်အရေးကြီးသည်ဟု တိုင်းဝန်ကြီးချုပ်က ဆိုသည်။

“ ဒီတရားဝင်ရပ်တည်ခွင့်ကို အကောင်းဆုံးရှင်သန်နိုင်ဖို့အတွက် ကျောင်းသားသမဂ္ဂမှာ ရှိနေတဲ့ ကျောင်းသားတွေဟာ ကျောင်းသား၊ ဆရာ၊ မိဘတွေ၊အုပ်ချုပ်သူတွေ ၊ကျောင်းအုပ်ချုပ်ရေးတွေနဲ့ ဒီ ကျောင်းသားသမဂ္ဂကနေ ကျောင်းရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေကို ပိုမိုကောင်းမွန်တဲ့အဆင့်ကိုရောက်ဖို့ ကြိုးစား ကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ခွပ်ဒေါင်းအလံကြီးကတော့ ကိုယ့်လက်ထဲရောက်လာပြီဖြစ်ပါတယ်။ ဒီ ရောက်လာတဲ့၊ သမိုင်းက ပေးအပ်တဲ့တာဝန်အရပ်ရပ်ကို ဘယ်လောက်ကျေပွန်မလဲဆိုတာ အခု ကျောင်းသား သမဂ္ဂခေါင်းဆောင်တွေအဖြစ် ရပ်တည်မယ့်သူတွေမှာ အလွန်အရေးကြီးပါတယ် " ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ ဦးဖြိုးမင်းသိန်းက ပြောခဲ့သည်။

၁၉၆၂ ခုနှစ် ဇူလိုင်လ ၈ ရက်က ကျောင်းသားသမဂ္ဂ အဆောက်အဦ ဗုံးခွဲဖျက်ဆီးခံခဲ့ရပြီးနောက် ၅၅ နှစ်အကြာ NLD အစိုးရလက်ထက်တွင် ပြန်တည်ဆောက်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

သို့သော်  အဆောက်အဦသစ်ဆောက်လုပ်နိုင်ရေးကြိုးပမ်းမှုကို ဇူလိုင်လ ၇ ရက်နေ့က ပြုလုပ်သည့်  7 July အခမ်းအနားတွင်  ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြန်၍ ကန့်ကွက် ခဲ့ကြသည်။

ဗကသများအဖွဲ့ချုပ်ကမူ ယမန်နေ့ ဇူလိုင်လ ၈ ရက်က ကျောင်းသားသမဂ္ဂများ၏ လွတ်လပ်စွာဖွဲ့စည်းခွင့်၊ ရပ်တည်ခွင်နှင့်လှုပ်ရှားဆောင်ရွက်ခွင့်များကို တရားဝင် အသိအမှတ်ပြုခြင်းမရှိကြောင်း ကြေညာချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။

"ကျောင်းသားသမဂ္ဂအဆောက်အအုံထက် တစ်နိုင်ငံလုံးမှာရှိတဲ့ကျောင်းသားသမဂ္ဂတွေရဲ့ရပ်တည်ခွင့်တွေကို အစိုးရအနေနဲ့ပေးဖို့လိုတယ်။ တစ်ချို့သောကျောင်းတွေမှာရပ်တည်ခွင့်ရပြီး တစ်ချို့သောကျောင်းတွေမှာ ရပ် တည်ခွင့်မရဘူး၊ လှုပ်ရှားခွင့်မရဘူးဆိုတဲ့ အခြေအနေတွေ ရှိနေတယ်။ဒီလိုအခြေအနေတွေမရှိအောင် အစိုးရ အနေနဲ့ တစုံတရာ၊ ပညာရေးဝန်ကြီးဌာနကဖြစ်ဖြစ်သော်လည်းကောင်း၊ အစိုးရယန္တရားက ဖြစ်ဖြစ်သော်လည်း ကောင်း ထုတ်ပြန်ပေးဖို့လိုအပ်တယ်လို့ ကျွန်တော်တို့ တောက်လျှောက်ပြောနေခဲ့တာပဲ။ အဲဒါက ပိုပြီး အရေးကြီးပါတယ်" ဟု ဗကသများအဖွဲ့ချုပ်၊ အတွင်းရေးမှူး၊ ကိုအောင်ထက်အောင်က ယမန်နေ့ ဇူလိုင်လ ၉ ရက်က ပြောသည်။

လက်ရှိတွင် ရန်ကုန်တက္ကသိုလ်အတွင်း၊ကျောင်းသားသမဂ္ဂ အဆောက်အဦ ပြန်လည်တည်ဆောက်ရန် ပြည်ထောင်စုအစိုးရက ဘတ်ဂျက်ကျပ်ငွေ ၅ ဘီလီယံချပေးထားပြီး ရန်ကုန်တိုင်းအစိုးရက ယခုနှစ်အတွင်း အကောင်အထည်ဖော်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly