ပြည်မြို့မှ ဓါးခုတ်မှုခင်းကြီးများအတွက် ပြည်ထဲရေးဒုဝန်ကြီးနှင့်ဆွေးနွေးခဲ့သည်ဟုဆို

ပြည်မြို့မှ ဓါးခုတ်မှုခင်းကြီးများအတွက် ပြည်ထဲရေးဒုဝန်ကြီးနှင့်ဆွေးနွေးခဲ့သည်ဟုဆို

ဇူလိုင် ၈၊ ပြည် ။          ။ ပဲခူးတိုင်း ၊ ပြည်ခရိုင် ပြည်မြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းက ဖြစ်ပေါ်ခဲ့သော ဓါးခုတ်မှုခင်းကြီးများအတွက် ပြည်ထဲရေးဒုဝန်ကြီး နှင့် ဆွေးနွေးတင်ပြခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ  မှုခင်းကျဆင်းရေးအတွက် လုပ်ဆောင် နေပြီဖြစ်ကြောင်း ပြည်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များက ဇူလိုင် ၈ ရက်တွင် ပြောသည်။

ပြည်မြို့တွင် ဇွန်လ ၂၈ ရက်က Royal Star KTV တွင် ဆိုင်ဝန်ထမ်းများက ဧည့်သည် လူငယ်သုံးဦးကို ရိုက်နှက်ကာ ဓားဖြင့်ထိုးရာမှ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရမှု၊ ဇွန်လ ၂၉ ရက်က မိုးမေတ္တာ နာရေးကူညီမှု အသင်းဝင် လူငယ်နှစ်ဦး ဓားထိုးခံရမှု၊ ဇွန်လ ၃၀ ရက်က လှိုင်းဧရာ စင်တင်စားသောက်ဆိုင်တွင် အုပ်စုဖွဲ့ ဓားဖြင့်ခုတ်မှုမျာ းဖြစ်ခဲ့သည်။

ထို့ပြင် ဇူလိုင်လ ၂ ရက်က လွင်စကိတ် အားကစားကွင်းရှေ့တွင် လူငယ်အဖွဲ့နှစ်ဖွဲ့ ဓားရှည်များဖြင့် ရန်ဖြစ်ခဲ့ပြီး ခေတ္တရာမြို့သစ်ကားကြီးဝင်းဘေးရန်ကုန်-ပြည်လမ်းရှိ ရွှေလက်ယာ ခေါင်ရည်ဆိုင်တွင် လူငယ်တစ်ဦး မိမိကိုယ်မိမိပုလင်းကွဲဖြင့် ထိုးခဲ့သည်။  ဇူလိုင် ၃ ရက်နေ့က မြို့တော်ခန်းမရှေ့တွင် ဆိုင်ကယ်ဘီးပေါက်ကာ တွန်းလာသော လူငယ်သုံးဦးကို လူတစ်စုက အုပ်စုဖွဲ့ ရန်စကာ ပုလင်းကွဲဖြင့် ထိုးခဲ့သည်။ ထိုနေ့တွင်ပင် ပြည်မြို့ အောင်ဆန်းပြည်သာယာရပ်ကွက်တွင်အောင်ဆန်း အပိုင်း ၁ ရပ်ကွက် တွင်မိသားစုချင်းရန်ဖြစ်ရာမှ လူသုံးဦး ဓါးထိုးခံရပြီး အမျိုးသမီးတစ်ဦးသေဆုံးခဲ့သည်။

“ကျွန်မတို့ ပြည်ထောင်စုဒုဝန်ကြီးနဲ့ တွေ့ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ အခြေအနေအားလုံးကို တင်ပြတယ်။ သူတို့ဘက်က ဘာလုပ်ပေးနိုင်မလဲပေါ့ ။ ပူးပေါင်းဆောင်ရွက်တဲ့အနေနဲ့   ဆွေးနွေးဖြစ်ကြတယ်။ ပြီးခဲ့တဲ့နှစ်ကတည်းက ဖြစ်ခဲ့တာတွေ အားလုံးဆွေးနွေးခဲ့တယ်”ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည်က ဆိုသည်။

ပြည်မြို့၊  ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမင်းချစ် ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည် တို့သည် ဇူလိုင်လ ၅ ရက်တွင် ပြည်ထဲရေးဒုဝန်ကြီး နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ မှုခင်းကျဆင်းရေးအတွက် ပဲခူးတိုင်း ဒုတိယရဲတပ်ဖွဲ့မှူး  ကိုယ်တိုင် ပြည်မြို့ ၌ အနီးကပ်ကြီး ကြပ်ကွပ်ကဲနေပြီ ဖြစ်ကြောင်းလည်းသိရသည်။

“မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပဲခူးတိုင်း ဒုတိုင်းမှူးကိုယ်တိုင် လာထိုင်ပြီး အနီးကပ်ကြီးကြပ်ကွပ်ကဲနေပါပြီ” ပြည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ဆိုသည်။

အဆိုပါ ဓါးခုတ်မှုခင်းများသည် မူးယစ်ဆေးဝါး ပြသနာ ၊ စည်းကမ်းမဲ့ အရက်ဆိုင် နှင့် ညနက်သည်အထိ ဖွင့်သည့် ကာရာအိုကေဆိုင်များ ၊ လူငယ်များအုပ်စုဖွဲ့ရန်ဖြစ်ခြင်း   ကြောင့်ဖြစ်ရကြောင်း   ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်စိုးစိုးကြည်က ပြောသည်။

“ပြည်ထဲရေးက အရေးယူဆောင်ရွက်မှုအပိုင်း မှာလည်းအားနည်းတယ်လို့ ကျွန်မတို့က ယူဆတယ်။ ဒီဘက်မှာလည်း ကျွန်မတို့က လူငယ်တွေကို ဘယ်လိုပြုပြင်မလဲ ။ ဘယ်လိုထိန်းကျောင်းကြမလဲ ။ နောက်ပြီး တော့ တကယ်ကျော်ဇောနေတဲ့လူတွေကို တာဝန်ရှိသူတွေ က ဘယ်လိုဆောင်ရွက်မလဲ ။ ကျွန်မတို့က ပြည်သူတွေရဲ့စိုးရိမ်ပူပန်မှုတွေကို လျော့ကျအောင်လုပ်ရမယ်” ဟုလည်း ၎င်းက ဆိုသည်။

ပြည်မြို့တွင် လူသတ်မှုအပါအဝင် အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ပွားခြင်းများကြောင့် ပြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေး မှူးရုံးက သွားလာရာတွင် တုတ်၊ ဓား၊ လက်နက်များ မကိုင်ဆောင်ရန် ကြေညာချက်ထုတ်ပြန်ထားပြီး ဇူလိုင် ၆ ရက်မှ စ၍ ရဲတပ်ဖွဲ့ အင်အား တစ်ရာကျော်ဖြင့် ညစဉ်လှည့်ကင်းပတ်ကင်းများပြုလုပ်ကာ လုံခြုံရေး ရယူပေးထားရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly