တရုတ်နိုဘယ်ဆုရှင် လျူရှောက်ဘိုအား အမေရိကန်နှင့် ဂျာမနီဆရာဝန်များ ဆေးရုံတွင် လာရောက်ကြည့်ရှု

တရုတ်နိုဘယ်ဆုရှင် လျူရှောက်ဘိုအား အမေရိကန်နှင့် ဂျာမနီဆရာဝန်များ ဆေးရုံတွင် လာရောက်ကြည့်ရှု

ပေကျင်း၊ ဇူလိုင် ၈ ။       ။ အမေရိကန်နှင့် ဂျာမနီ ဆရာဝန်များက တရုတ်ငြိမ်းချမ်းရေးဆုရှင်အား ဆေးရုံတွင် ဇူလိုင် ၈ ရက်က လာရောက်ကြည့်ရှုခဲ့ပြီး အသည်းကင်ဆာနောက်ဆုံး အခြေအနေရောက်နေပြီး စိုးရိမ်ရသည်ဟု မှတ်ချက်ချကြောင်း ၎င်းအား ကုသမှုပေးနေသည့် အဖွဲ့က ပြောသည်။

အသက် ၆၁ နှစ်ရှိ လျူအား ယခုကဲ့သို့ နိုင်ငံခြားဆရာဝန်များက ရှန်ယန်းမြို့ရှိ ဆေးရုံသို့ လာရောက်ကြည့်ရှုခြင်းသည် နိုင်ငံတကာက တရုတ်အား ၎င်း၏ ဆေးကုသမှုကို နိုင်ငံခြားတွင်ဖြစ်စေ၊ စိတ်ကြိုက်ကုသမှုဖြစ်စေ ၎င်းဆန္ဒအတိုင်း ခွင့်ပြုပေးရန် ဖိအားပေးပြီးနောက်ပိုင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

အကျဉ်းကျရာမှ ပြစ်ဒဏ်မစေ့မီ ရောဂါကြောင့် ပြန်လွှတ်ပေးခံရသည် လျူသည် အစောပိုင်းက ပြည်ပတွင် သွားရောက်ဆေးကုသရန် ဆန္ဒရှိနေကြောင်း ၎င်း၏မိတ်ဆွေတစ်ဦးက ပြောဖူးသည်။

ဒီမိုကရေစီ လူ့အခွင့်အရေးလှုပ်ရှားသူ စာရေးဆရာတစ်ဦးလည်းဖြစ်သော လျူသည် ၂၀၀၉ ခုနှစ်အတွင်း ထောင်ဒဏ်ချမှတ်ခံရခြင်းဖြစ်သည်။

၎င်းသည် ကင်ဆာရောဂါ ဖြစ်ပွားသည့် အခြေအနေကို သိရှိရမှ ပြစ်ဒဏ်မစေ့မီ ဆယ့်တစ်နှစ်အလိုတွင် မေ ၂၃ ရက်၌ ပြန်လွှတ်ပေးပြီး ဆေးကုသမှု ခံယူစေခြင်းဖြစ်သည်။

လျူသည် ဖမ်းဆီးခံရပြီး နောက်တစ်နှစ် ၂၀၁၀ ခုနှစ်တွင် နိုဘယ်ငြိမ်းချမ်းရေးဆုချီးမြှင့်ခြင်း ခံခဲ့ရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags