စံပြငါးစျေး ကုန်တင်ကုန်ချအလုပ်သမားများက ရန်ပုံငွေစာရှင်းတမ်း ပြန်စစ်ပေးရန် တောင်းဆို

စံပြငါးစျေး ကုန်တင်ကုန်ချအလုပ်သမားများက ရန်ပုံငွေစာရှင်းတမ်း ပြန်စစ်ပေးရန် တောင်းဆို

ရန်ကုန်   ဇူလိုင်   ၈ ။           ။ ရန်ကုန်မြို့၊ ကြည်မြင့်တိုင်မြို့နယ်၊ ပြည်တွင်းကုန်တင်ကုန်ချကော်မတီရုံး၊ ငါးတောင်းဌာန(ခွဲ)၏ ငွေစာရင်းရှင်း တမ်းတွင် စံပြငါးဈေး ကုန်တင်ကုန်ချအလုပ်သမားများ၏ သာရေးနာရေးရန်ပုံငွေများထဲမှ ရုံးပြင်ဆင်စရိတ်၊ ရုံးအသုံးစရိတ်များကို သုံးစွဲထားသည်ဟု သိရသည်။

စံပြငါးဈေး ကုန်တင်ကုန်ချအလုပ်သမားများက ရန်ပုံငွေစာရှင်းတမ်း ပြန်လည်စစ်ဆေးပေးရန်နှင့် အဂတိလိုက်စားမှုများကို အပြစ်ပေးအရေးယူရန် ဇူလိုင်လ ၆ ရက်နေ့က မြန်မာဂျာနယ်လစ်ရုံးမှာ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

၂၀၁၅နှင့်၂၀၁၆ (၂) နှစ်စာငွေစာရင်းရှင်းတမ်းထုတ်ပြန်ရာတွင် ရုံးပြင်ဆင်စရိတ်၊ ရုံးအသုံးစရိတ်များကို သာရေးနာရေးအတွက် စုဆောင်းသော အလုပ် သမားများ၏ တစ်နေ့လုပ်ခမှ နေ့စဉ်သွင်းရငွေ ၁၆၀ ကျပ်အထဲမှ သုံးစွဲထားသောကြောင့် ဖြစ်သည်ဟု ကုန်တင်ကုန်ချ အခြေခံအလုပ်သမား ဦးစိုးထွန်းက ပြောသည်။

"ကျွန်တော်တို့ လုပ်သားတစ်ဦးချင်း သာရေးနာရေးငွေ ၁၆၀ စုထားတယ်။ စုထားတဲ့ငွေတွေကို ဖြေရှင်းပေးဖို့ တောင်းဆိုတယ်။ ဒါလည်း ဖြေရှင်းမပေးပါဘူး။ တိုင်းဦးစီးကိုလည်း  ဖြေရှင်းပေးဖို့   တောင်းဆိုတယ်။ ဖြေရှင်း မပေးဘူး။ အဲဒီနောက်မှာတော့ ကျွန်တော်တို့ အလုပ်သမားဝန်ကြီးဆီလည်း တောင်းဆိုထားတယ်။ ကျွန်တော်တို့ တောင်းဆိုထားပေမယ့်လည်း ဥပက္ခာပြုထားသလိုပဲ။ ဘာမှ ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိဘူး။ ဒါကြောင့် သတင်းစာရှင်းလင်းပွဲ လုပ်တာ" ဟု ဦးစိုးထွန်းက ပြောသည်။

အဆိုပါကိစ္စကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ထံသို့တိုင်ကြားထားသော်လည်း တစုံတရာ အရေးယူခြင်း မရှိသေးကြောင်း သိရသည်။

ကုန်တင်ကုန်ချအလုပ်သမားများ၏ ၂ နှစ်စာ သာရေးနာရေးရန်ပုံငွေမှာ ကျပ်သိန်း ၄၀၀ ခန့် ရှိပြီး ပြည်တွင်းကုန်တင်ကုန်ချ ကော်မတီရုံး၊ ငါးတောင်းဌာန(ခွဲ)မှ ကျပ်သိန်း ၃၀၀ ကျော်ကို ရုံးပြင်ဆင်စရိတ်၊ အသုံးစရိတ်များအဖြစ် သုံးစွဲထားခြင်း ဖြစ်သည်။ လက်ကျန်ငွေမှာ သိန်း ၁၀၀ ပြ ထားသည်ဟု ကုန်တင်ကုန်ချအခြေခံအလုပ်သမား ဦးမင်းဇော်က ပြောသည်။

ထို့ပြင် အလုပ်သမားများအနေဖြင့် တစ်ခြားကိစ္စရပ်များအသုံးပြုရန် နေ့စဉ်စုဆောင်းရသည့် အပေါ်ကြေး(ရုံးသွင်း) ကျပ်ငွေ ၃၀၀ နှင့် သာရေးနာရေးအတွက် စုထားသည့် နေ့စဉ်သွင်းရငွေ ၁၆၀ ကျပ် ပေးသွင်းရခြင်း ဖြစ်သည်။

လက်ရှိတွင် တိုင်းစာရင်းစစ်မှ စစ်ဆေးရာတွင် သုံးထားငွေတွေ့ရှိရမှုကြောင့် ၂၈ သိန်း ပေးလျော်ရန် ဆုံးဖြတ်ခဲ့သော်လည်း အလုပ်သမားများက ကျေနပ်မှု မရှိဟု ဆိုသည်။

" ကျွန်တော်တို့ စုငွေတွေ ပေါင်းလိုက်ရင် သိန်း ၄၀၀ ကျော်ရှိတာ။ ကျွန်တော်တို့ရဲ့ သာရေးနာရေးအတွက် စု ထားတဲ့ ကျပ် ၁၆၀ ထဲက သူတို့က သုံးထား တယ်။ ဒါကို မသုံးသင့်ဘူး။ ဒါတွေသုံးဖို့အတွက် ကျွန်တော်တို့က အပေါ်ကြေး(ရုံးသွင်း) ကျပ် ၃၀၀ ဆိုတာ ရှိတယ်။ ဒီထဲက ဘာလို့မသုံးလဲလို့ ထောက်ပြတော့မှ သူတို့က သုံးထားတဲ့ အထဲက တစ်ချို့တစ်ဝက်ကို ပြန်နှုတ်ပြီး လျော်ပေးတယ်။ တိုင်းစာရင်းစစ်က စစ်တဲ့အခါကျမှ ၂၈ သိန်းပေါ် လာ တယ်။ ၂၈ သိန်းပေါ်တော့ တိုင်းဦးစီးက လက်မှတ်ထိုးပြီးတော့ ဒီ ၂၈ သိန်းကျော်ကို ပြန်လျော်လိုက်ပါ။ ဒီလူ တွေကို ခံဝန်ကတိနဲ့ပဲ ထားလိုက်ပါဆို ချပေးတယ်။ ဒါကို ကျွန်တော်တို့ အလုပ်သမားတွေက မကျေနပ်ဘူး" ဟု ဦးမင်းဇော်က ပြောသည်။

အစိုးရ၏ အထူးစာရင်းစစ်အဖွဲ့ဖြင့် ငွေစာရင်းရှင်းတမ်းကို ပြန်လည်စစ်ဆေးပေးရန် နှင့် အဂတိလိုက်စားသူများကို ထိထိရောက်ရောက်အရေးယူပေးရန် ရန်ကုန်တိုင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင့်အားဝန်ကြီးထံသို့ မေလ ၂၉ ရက်နေ့က တိုက်တွန်းစာပေးပို့ခဲ့သည်။

ယင်းငွေစာရင်းရှင်းတမ်းကို ပြန်လည်စစ်ဆေးရန်ကိစ္စမှာ အထက်အဆင့်ဆင့်က ညွှန်ကြားချက်ကျမှသာ ဆောင်ရွက်ပေးလို့ ရမည်ဟု ကြည်မြင့်တိုင်မြို့နယ်၊ကုန်တင်ကုန်ချကော်မတီရုံးက ဦးစီးအရာရှိ ဦးရဲဝင်းအောင်က ပြောသည်။

"ဒီကိစ္စက အပေါ်က တိုင်းမှူး၊ဝန်ကြီး၊ဝန်ကြီးချုပ်တွေအထိ ရောက်ပြီးသားဆိုတော့ အပေါ်ကအမိန့်စာကျမှ ညွှန်ကြားချက်ကျမှ ဆရာတို့လုပ်ပေးလို့ရမှာ ဆရာအနေနဲ့ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆုံးဖြတ်ခွင့်မရှိဘူး။ ဆရာတို့ဝန်ထမ်းဆိုတာ တစ်ဆင့်ပြီးတစ်ဆင့် လုပ်ကြရတာလေ" ဟု ဦးစီးအရာရှိ ဦးရဲဝင်းအောင်က ပြော သည်။

သာရေးနာရေးအတွက် စုထားသည့် နေ့စဉ်သွင်းရငွေ ၁၆၀ ကျပ်ဆိုသည်မှာ ငါးတောင်းဌာန(ခွဲ)၏ ငွေစာရင်း အသုံးပြုမှုတွင် ခေါင်းစဉ်သီးခြားမရှိဟု ငွေစာရင်းရေးဆွဲပေးခဲ့သည့် မရမ်းကုန်းမြို့နယ်၊ကုန်တင်ကုန်ချ ကော်မတီရုံးက ဦးစီးအရာရှိ ဒေါ်စိုးစိုးက ပြောသည်။

"သူတို့ပြောတာက သာရေးနာရေးဖြစ်တဲ့အတွက် သာတာနဲ့နာတာပဲ လုပ်ရမယ်။ဒါပေမယ့် ဒီဘက်ကအဖွဲ့တွေ ကလည်း အဲဒါဆိုလို့ရှိရင် အစကတည်းက ဒီအဖွဲ့အစည်းသည် ကျွန်တော်တို့ကို တရားဝင်လည်းဖွဲ့စည်းပေးခဲ့ တာမဟုတ်ဘူး။ကျွန်တော်တို့ကို မင်းက ဥက္ကဋ္ဌ လုပ်ပါ၊မင်းက အတွင်းရေးမှူးလုပ်ပါဆိုပြီး လုပ်ခိုင်းလို့ လုပ်ခဲ့ရ တာ။အဲဒီလိုလုပ်ခဲ့ရတော့ ဒီအသုံးစရိတ်တွေ မသုံးရဘူးလို့လည်း မပြောဘူး။အစဉ်အလာအားဖြင့် ကျွန်တော်တို့ က သုံးခဲ့တယ် ဆိုတော့ အန်တီတို့က အခြေအနေတွေ အားလုံးကို အန်တီတို့တိုင်းမှူးကို တင်ပြပါတယ်" ဟု ဦးစီးအရာရှိ ဒေါ်စိုးစိုးက ပြောသည်။

ကြည်မြင့်တိုင်မြို့နယ်၊ ကုန်တင်ကုန်ချအခြေခံအလုပ်သမားများက ယင်းကိစ္စနှင့်ပတ်သက်ပြီး မတ်လ ၂၈ ရက်နေ့ ကလည်း ရန်ကုန်မြို့၊ကြည်မြင့်တိုင်မြို့နယ်၊ ပြည်တွင်းကုန်တင်ကုန်ချကော်မတီရုံး၊ ငါးတောင်းဌာန (ခွဲ)ရှေ့တွင် တရားဝင် ဆန္ဒဖော်ထုတ်ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly