သမဂ္ဂအဆောက်အဦ ပြန်လည်တည်ဆောက်ရေး ဗကသများအဖွဲ့ချုပ် ကန့်ကွက်

သမဂ္ဂအဆောက်အဦ ပြန်လည်တည်ဆောက်ရေး ဗကသများအဖွဲ့ချုပ် ကန့်ကွက်
ဓာတ်ပုံ - သူရ / မဇ္ဈိမ

ရန်ကုန်  ဇူလိုင်  ၈ ။           ။ ရန်ကုန်တက္ကသိုလ်၊ တကသရင်ပြင် အဆောက်အအုံဟောင်းနေရာတွင် တိုင်းအစိုးရမှ အဆောက်အဦသစ် ဆောက်လုပ်နိုင်ရေးကြိုးပမ်းမှုကို ဇူလိုင်လ ၇ ရက်နေ့က   ပြုလုပ်သည့် 7 July အခမ်းအနားတွင်  ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြန်၍ ကန့်ကွက်ခဲ့သည်။

ကျောင်းသားသမဂ္ဂများ၏ လွတ်လပ်စွာဖွဲ့စည်းခွင့်၊ ရပ်တည်ခွင့်နှင့်လှုပ်ရှားဆောင်ရွက်ခွင့်များကို တရားဝင် အသိအမှတ်ပြုခြင်းမရှိ၊ တက္ကသိုလ်များတွင် ကျောင်းသားသမဂ္ဂရုံးခန်းများ သတ်မှတ်ပေးထားခြင်း မရှိသေးဘဲ ရန်ကုန်တက္ကသိုလ်တကသရင်ပြင်  အဆောက်အအုံဟောင်းနေရာတွင်သာ အဆောက်အဦသစ်ဆောက် လုပ်နိုင်ရေး ကြိုးပမ်းမှုကို ဗကသများအဖွဲ့ချုပ်မှ   ပြင်းထန်စွာ ကန့်ကွက်လိုက်ပါသည်ဟု ယင်းကြေညာချက်တွင် ဖော်ပြထားသည်။

"ကျောင်းသားသမဂ္ဂအဆောက်အအုံထက် တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းသားသမဂ္ဂတွေရဲ့ ရပ်တည်ခွင့်တွေကို အစိုးရအနေနဲ့ပေးဖို့ လိုတယ်။ တစ်ချို့သော ကျောင်းတွေမှာ ရပ်တည်ခွင့်ရပြီး တစ်ချို့သောကျောင်းတွေမှာ ရပ်တည်ခွင့်မရဘူး၊ လှုပ်ရှားခွင့်မရဘူးဆိုတဲ့ အခြေအနေတွေ ရှိနေတယ်။ဒီလိုအခြေအနေတွေမရှိအောင် အစိုးရ အနေနဲ့ တစုံတရာ၊ ပညာရေးဝန်ကြီးဌာန ကဖြစ်ဖြစ်သော်လည်းကောင်း၊ အစိုးရယန္တရားကဖြစ်ဖြစ်သော်လည်း ကောင်း ထုတ်ပြန်ပေးဖို့လိုအပ်တယ်လို့ ကျွန်တော်တို့တောက်လျှောက်ပြောနေခဲ့တာပဲ။အဲဒါက ပိုပြီးအရေး ကြီးပါတယ်" ဟု ဗကသများအဖွဲ့ချုပ်၊ အတွင်းရေးမှူး၊ ကိုအောင်ထက်အောင်က ပြောသည်။

ရန်ကုန်တက္ကသိုလ်အတွင်း၊ကျောင်းသားသမဂ္ဂအဆောက်အဦး ပြန်လည်တည်ဆောက်ရန် ပြည်ထောင်စုအစိုးရ က ဘတ်ဂျက်ကျပ်ငွေ ၅ ဘီလီယံချပေးထားပြီး၊ရန်ကုန်တိုင်းအစိုးရက ယခုနှစ်အတွင်းအကောင်အထည်ဖော် ရန် ကြိုးစားနေခြင်းဖြစ်သည်။

"ကျောင်းသားတို့ရဲ့သချိုင်းမြေဆိုတာ သမိုင်းတန်ဖိုးအရရော အစစအရာရာအရရော သိပ်ကိုတန်ဖိုးကြီးပါတယ်။ ဒီမြေမှာ ပါဝင်ပတ်သက်ခဲ့ကြတဲ့သူတွေ၊ ဒီမြေအတွက်   ပေးဆပ်ခဲ့ကြသူတွေရဲ့မျိုးဆက်တွေရဲ့ သဘောထားအစုံ အလင်ကို သေသေချာချာတိတိကျကျ ဆွေးနွေးပြီးမှသာ ဆုံးဖြတ်ချက်ချသင့်ပါတယ်။ အားလုံးသဘောတူညီ ချက်မပါဘဲ၊ အားလုံးမပါဘဲ တစ်ဖက်သတ်ဆုံးဖြတ်ချက်ချတာတွေကတော့ ကျွန်တော်ထင်ပါတယ်။ အဆင်ပြေ စေမှာ မဟုတ်ပါဘူး" ဟု ရန်ကုန်ဆေးတက္ကသိုလ်(၂)ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုအောင်ပညာနေလင်းက ပြောသည်။

ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သော တော်လှန်ရေးကောင်စီတက်လာပြီးနောက်ပိုင်း တက္ကသိုလ်ကျောင်းသားထု အပေါ် ဖိနှိပ်ချုပ်ချယ် သည့်ကျောင်းဆောင်စည်းကမ်းများ ထုတ်ပြန်ခဲ့ခြင်းကြောင့်   ကျောင်းသားထုနှင့် ကျောင်းသားသမဂ္ဂတို့ ကန့်ကွက်ဆန္ဒပြကြရာမှ ၁၉၆၂ ဇူလိုင် ၇ ရက် အရေးအခင်း ပေါ်ပေါက်ခဲ့ရပြီး ဇူလိုင်လ ၈ ရက်နေ့၊နံနက်တွင် သမဂ္ဂအဆောက်အဦကို ဗုံးဖောက်ခွဲ ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly