YBS နှစ်စီး မျက်နှာချင်းဆိုင် ပြင်းထန်စွာတိုက်မိမှု ပုဒ်မ ၄ ခုဖြင့် အမှုဖွင့်ထား

YBS နှစ်စီး မျက်နှာချင်းဆိုင် ပြင်းထန်စွာတိုက်မိမှု ပုဒ်မ ၄ ခုဖြင့် အမှုဖွင့်ထား
ဓာတ်ပုံ - ကိုထင်လင်းအောင်

ရန်ကုန်၊ ဇူလိုင်လ ၈ ။           ။ ယမန်နေ့ ဇူလိုင်လ ၇ရက် ညနေက YBS ၅၅ နှင့် YBS ၃၇ ယာဉ်လိုင်းတို့ မျက်နှာချင်းဆိုင် ပြင်းထန်စွာ ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည် ၉ ဦးသေဆုံးခဲ့မှုအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၄ ခုဖြင့် အမှုဖွင့်ထားကြောင်း အင်းစိန်မြို့မရဲ စခန်းမှ ရဲအုပ်ကျော်မိုး က မဇ္ဈိမသို့ အတည်ပြုပြောကြားသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ဇူလိုင်လ ၇ ရက်နေ့က အင်းစိန်မြို့မရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ - ၃ဝ၄(က)/ ၃၃၈/ ၃၃၇/ ၂၇၉ စသည့် ပုဒ်မလေးခုဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။

“ လောလောဆယ်တော့ နှစ်စီးလုံးက ယာဉ်မောင်းတွေ သေဆုံးတာတော့မရှိပါဘူး။ ယာဉ်မောင်း သတိလစ် သွားတာရှိပါတယ်။ ကျွန်တော်တို့ အနေနဲ့ ယာဉ်တိုက်မှုဖြစ်ပြီးတဲ့နောက်မှာပဲ မနေ့က ပုဒ်မ ၄ ခု အမှုဖွင့်ထား တာပါ”ဟု ရဲအုပ်ကျော်မိုးက ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်မှာ ဇူလိုင် ၇ ရက်၊ နေ့လည် ၁ နာရီ၊ မိနစ် ၄ဝ အချိန်တွင် ဆူးလေ - ထောက်ကြန့် ပြေးဆွဲပေးနေသည့် YBPC ကုမ္ပဏီပိုင် YBS ၃၇ နှင့် ဥက္ကံနှင့် မော်တင်ပြေးဆွဲပေးနေသည့် တိုက်ကြီးသား အများပိုင်ယာဉ်လိုင်းမှ YBS ၅၅တို့ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်-ပြည်လမ်းမကြီး၊ ထောက်ကြန့်မွေးမြူရေး မှတ်တိုင်အနီး ပျဉ်းမပင်ကျေးရွာအုပ်စု၊   ရွှေညောင်ပင်ဘိုးဘိုးကြီး နတ်နန်းဟောင်းရှေ့တွင် မျက်နှာချင်းဆိုင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

YBS ၅၅ နှင့် YBS ၃၇ ယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မှုကြောင့် ယာဉ်ပေါ်ပါရှိသည့် ခရီးသည် ၉ ဦးထိ သေဆုံး ခဲ့ပြီး ဒဏ်ရာရသူများကို မေဓါဝီဆေးရုံ နှင့် အင်းစိန်ဆေးရုံသို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့နှင့် ရန်ကုန်နာရေးကူ ညီမှုအသင်းတို့မှ ကူညီပို့ဆောင်ပေး ခဲ့ကြခြင်းဖြစ်သည်။ ထိုသို့ ပို့ဆောင်စဉ် မေဓါဝီဆေးရုံ၌ လူနာ ၃၃ ဦးတွင် ၆ ဦးသေဆုံးခဲ့ပြီး အင်းစိန်ဆေးရုံတွင် ၃ ဦး သေဆုံးခဲ့ ကာ ဒဏ်ရာရရှိသူ ၁ဝ ဦးရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags