YBS နှစ်စီးမျက်နှာခြင်းဆိုင်တိုက်မှုကြောင့် ခရီးသည် ၉ဦးထိ သေဆုံး

YBS နှစ်စီးမျက်နှာခြင်းဆိုင်တိုက်မှုကြောင့် ခရီးသည် ၉ဦးထိ သေဆုံး
(ဓာတ်ပုံ- ဇွဲရန်နိုင်ဖေ့စ်ဘုတ်)

ဇူလိုင် ၇ရက် ညနေက YBS ၅၅နှင့် YBS၃၇ ယာဉ်လိုင်းတို့မျက်နှာခြင်းဆိုင်ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည် ၉ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူများကို မေဓာဝီဆေးရုံ နှင့် အင်းစိန်ဆေးရုံတို့သို့ ပို့ဆောင်ခဲ့ရသည်။  မေဓာဝီဆေးရုံ၌ လူနာ(၃၃)ဦးတွင် (၆)ဦးသေဆုံးခဲ့ကာ ၃ဦးမှာ အင်းစိန်ဆေးရုံ၌ သေဆုံးခဲ့သည်ဟု ဆိုသည်။ 

 

မေဓာဝီဆေးရုံမှ ပြင်းထန်ဒဏ်ရာရသူ အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦးကို ရန်ကုန်ဆေးရုံကြီးသို့ ပြောင်းရွှေ့ခဲ့ရသည်ဟု ဇူလိုင် ၇ရက် ည ၉နာရီခွဲအချိန် သတင်းပေးပို့ချက်အရ သိရသည်။

 

အခြား ခရီးသည်များမှ စိုးရိမ်ဒဏ်ရာမရှိသည့်အတွက် ဆေးရုံမှ ပြန်ဆင်းသူများရှိကြောင်း သိရသည်။

"ပုလဲမြို့သစ်မီးသတ်တပ်ဖွဲ့နှင့် ရန်ကုန်နာရေးကူညီမှုအသင်းရယ်ပို့တာ မေဓာဝီဆေးရုံ ကျန်တဲ့အသင်းတွေကတော့ အင်းစိန်ဆေးရုံကိုပို့တယ် စုစုပေါင်းခန့်မှန်းခြေကတော့ အစ်ကိုတို့မသိဘူး အစ်ကိုတို့ပို့တဲ့ဘက်ခြမ်းမှာတော့ လူနာ(၃၃)ယောက် သေဆုံးသူ(၆)ဦး လက်ရှိအချိန်ထိသေဆုံးသူ(၆)ဦးပေါ့နော် နောက်ထပ်အဲဒီမှာအရေးကြီးတဲ့လူနာ နှစ်ယောက်သုံးယောက်လောက်ကျန်ခဲ့သေးတယ်။ အသက်ရှင်ကျန်တဲ့သူက(၂၇)ဦး"ဟု ပုလဲမြို့သစ်မီးသတ်တပ်ဖွဲ့ စခန်းမှူး ဦးထင်လင်းအောင်က မဇ္ဈိမကို ပြောသည်။

ဆူးလေ-ထောက်ကြံပြေးဆွဲပေးနေသည့် YBPCကုမ္ပဏီပိုင် YBS ၃၇နှင့် ဥက္ကံနှင့် မော်တင်ပြေးဆွဲပေးနေသည့် တိုက်ကြီးသားအများပိုင်ယာဉ်လိုင်းမှ YBS ၅၅တို့ ယနေ့ဇူလိုင်(၇)ရက် နေ့လည် ၁နာရီ မိနစ်၄၀အချိန်တွင် ရန်ကုန်-ပြည်လမ်းမကြီး မင်္ဂလာဒုံမြို့နယ် ထောက်ကြံမွေးမြူရေးမှတ်တိုင်အနီး ပျဉ်းမပင်ကျေးရွာအုပ်စု ရွှေညောင်ပင်ဘိုးဘိုးကြီးနတ်နန်းဟောင်းရှေ့၌ မျက်နှာချင်းဆိုင်ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ကယ်ဆယ်ရေးကို နှစ်ခြမ်းခွဲခြားလုပ်ဆောင်နေပြီး တစ်ခြမ်းတွင်ပုလဲမြို့သစ်မီးသတ်တပ်ဖွဲ့မှ လူနာတင်ယာဉ်(၄)စီး ရန်ကုန်နာရေးကူညီမှုအသင်းမှ (၂)စီး စုစုပေါင်း(၆)စီးပါဝင်မည်ဖြစ်ပြီး ကျန်တစ်ခြမ်းတွင်လည်း လူနာတင်ကားများပါဝင်၍ ကယ်ဆယ်ရေးဆောင်ရွက်နေကြသည်။

အဆိုပါယာဉ်တိုက်မှုကယ်ဆယ်ရာတွင် ထောက်ကြံမီးသတ်စခန်း၊ အင်းစိန်မြို့နယ်မီးသတ်စခန်း၊ ပုလဲမြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်ယာဉ်များ၊ လူနာတင်ယာဉ်များဖြင့် သွားရောက်ကယ်ဆယ်ရေးပြုလုပ်ခဲ့ပြီး ရန်ကုန်နာရေးကူညီမှုအသင်းအပါအဝင် ပရဟိတအသင်းများမှ လူနာတင်ယာဉ်များဖြင့် ကူညီကယ်ဆယ်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags