ဂျီ-၂၀ ထိပ်သီးစည်းဝေးပွဲမတိုင်ခင် ဟမ်းဘတ်၌ပြုလုပ်သော ဆန္ဒပြပွဲများကို ထိန်းသိမ်းစဉ် ရဲ ရ၀ခန့် ဒဏ်ရာရ

ဂျီ-၂၀ ထိပ်သီးစည်းဝေးပွဲမတိုင်ခင် ဟမ်းဘတ်၌ပြုလုပ်သော ဆန္ဒပြပွဲများကို ထိန်းသိမ်းစဉ် ရဲ ရ၀ခန့် ဒဏ်ရာရ

ဟမ်းဘတ်၊ ဂျာမနီ၊ ဇူလိုင် ၇ ။                  ။ ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့တွင် သောကြာနေ့၌ ကျင်းပရန်စီစဉ်ထားသော ဂျီ-၂၀ ထိပ်သီးစည်းဝေးပွဲအား ဆန့်ကျင်သည့် ဆန္ဒပြမှုများသည် ကြာသာပတေးနေ့ညနေကတည်းက ဖြစ်ပွားနေခဲ့ပြီး အစွန်းရောက်သော လက်ဝဲဝါဒီများနှင့် စနစ်ကိုဆန့်ကျင်သော အဖွဲ့များဦးဆောင်မှုကြောင့် အကြမ်းဖက်အဓိကရုဏ်းအဖြစ်သို့   ပြောင်းလဲသွားပြီးနောက်တွင် အနည်းဆုံး ရဲ ၇၀ခန့် ဒဏ်ရာရရှိခဲ့သည်။

ခေါင်းစွပ်အကျီၤများဝတ်ဆင်ထားသော ထောင်နှင့်ချီသည့် ဆန္ဒပြသူများပါဝင်သော “ငရဲမှကြိုဆိုပါ၏” ဟု ခေါင်းစဉ်ပေးထားသည့် ချီတက်ဆန္ဒပြမှုကို အဓိကရုဏ်းနှိမ်နင်းရေး ရဲများက လူစုခွဲသည့်မီးသတ်ပိုက်များဖြင့် ဖြိုခွင်းခဲ့ကြသည်။

ကမ္ဘာ့ထိပ်သီးနိုင်ငံ ၂၀မှ သောကြာနေ့တွင် ထိပ်သီးစည်းဝေးပွဲပြုလုပ်မည့် ဟမ်းဘတ်မြို့ရှိ မက်စီဟယ်လန် စင်တာအနီး မီတာ၃၀၀ အကွာအဝေးအတွင်းသို့ ရောက်ရှိအောင်ချီတက်ဆန္ဒပြမည်ဟု စီစဉ်ထားကြသော ဆန္ဒပြသူ ၁၂၀၀၀ခန့်သည် နေ့လည်လောက်ကတည်းက စိန့်ပေါ်လီရပ်ကွက်အတွင်းရှိ ရင်ပြင်၌ စုရုံးနေခဲ့ကြ သည်။

ချီတက်မှုစတင်ချိန်တွင် ဆန္ဒပြသူအချို့က အဓိကရုဏ်းနှိမ်နင်းရေးရဲများကို ပုလင်းများ၊ အခြားအရာဝတ္ထုများနှင့် ပစ်ပေါက်ခဲ့ကြသော်လည်း ဆန္ဒပြသူအများစုမှာ ငြိမ်းချမ်းစွာ ချီတက်ခဲ့ကြသည်။

ထို့နောက်တွင် ပြင်းထန်သောဖြစ်ရပ်များ စတင်ပေါ်ပေါက်လာခဲ့ပြီး ရဲအရာရှိများ တိုက်ခိုက်ခံခဲ့ရသောကြောင့် အတားအဆီးများကို ချထားခဲ့ရကာ ဆိုင်ခန်းပြတင်းပေါက်များလည်း ရိုက်ခွဲခံခဲ့ရသည်။

အဓိကရုဏ်းဖြစ်နေစဉ် အတောအတွင်း ရဲအရာရှိ ၇၀ခန့် ဒဏ်ရာရရှိခဲ့သော်လည်း အများစုမှာ အသေးစား ဒဏ်ရာများဖြစ်ကာ သောကြာနေ့မနက်ပိုင်းတွင် အခြေအနေများ တိုးတက်ကောင်းမွန်လာကြောင်း သိရသည်။

ဂျာမန်လုံခြုံရေးအဖွဲ့၏ ခန့်မှန်းချက်အရ ဆန္ဒပြသူ ၈၀၀၀ခန့်သည် ထိပ်သီးစည်းဝေးပွဲကို ဆန့်ကျင်သည့် ဆန္ဒပြ ပွဲ၌ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ရန် ဟမ်းဘတ်မြို့သို့ လာရောက်ရန်စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဟမ်းဘတ်မြို့တွင် သောကြာနေ့၌ကျင်းပမည့် ဂျီ-၂၀ ထိပ်သီးစည်းဝေးပွဲသို့ ဂျာမနီအဓိပတိ အန်ဂျယ်လာမာကယ်၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ရုရှားသမ္မတ ဗလက်ဒီမာပူတင်နှင့် တရုတ်သမ္မတ ရှီကျင်းဖျင်တို့ကဲ့သို့သော နာမည်ကျော်ပုဂ္ဂိုလ်များ တက်ရောက်ကြမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly