စစ်အင်အားပြ တရုတ်လေယာဉ်တင်သင်္ဘော ဟောင်ကောင်သို့ ရောက်ရှိ

စစ်အင်အားပြ တရုတ်လေယာဉ်တင်သင်္ဘော ဟောင်ကောင်သို့ ရောက်ရှိ

ဟောင်ကောင်၊ ဇူလိုင် ၇ ။              ။ တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်ပြီး သီတင်းတစ်ပတ် မကျော်လွန်သေးခင်မှာပင် စစ်အင်အား ကြီးမားမှုကို ပြသခြင်းအဖြစ် တရုတ်၏ ပထမဆုံး လေယာဉ်တင်သင်္ဘောက ဟောင်ကောင်သို့ ဇူလိုင် ၇ ရက်တွင် ပထမဆုံးအဖြစ် ရောက်ရှိသည်။

သမ္မတ ရှီကျင့်ဖျင်က ဗြိတိန်လက်အောက်မှ တရုတ်လက်အောက်သို့ ဟောင်ကောင်ဒေသ ပြန်လည်ရောက်ရှိခြင်း နှစ် ၂၀ ပြည့်အဖြစ် လာရောက်သွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ခရီးစဉ်က ဟောင်ကောင်သည် လက်သင့်ခံစရာမရှိသော နိုင်ငံရေးသဘောကွဲမှုများဖြင့် မတည်ငြိမ်ရာ မြို့အဖြစ် တရုတ်ဖက်က ရှုမြင်ထားမှုကို စိုးစဉ်းမျှ ပြသလိုက်သည်ဟု အကဲဖြတ်များက ပြောသည်။

သုံးရက်တာ ဟောင်ကောင်ခရီးစဉ်၌ ရှီကျင့်ဖျင်က မိနစ် ၃၀ ကြာ မိန့်ခွန်းပြောဆိုမှုတွင် ဟောင်ကောင်မြို့အား တရုတ်၏ ထိန်းချုပ်ထားမှုအပေါ် မည်သည့် စိန်ခေါ်မှုမျိုးမဆိုသည် ကန့်သတ်မျဉ်းကို ဖြတ်ကျော်ခြင်းဖြစ်ကြောင်း သတိပေးလိုက်ခြင်းဖြင့် ဟောင်ကောင်၏ လွတ်လပ်ရေးလှုပ်ရှားမှုများကို တရုတ်ဖက် သည်းခံနေမည်မဟုတ်ကြောင်းကို ပြသလိုက်ခြင်းလည်းဖြစ်သည်။

ဟောင်ကောင်ခရီးစဉ်၌ ဇွန် ၃၀ ရက်တွင် သမ္မတ ရှီကျင့်ဖျင်သည် ဆယ်စုနှစ် နှစ်ခုစာအတွင်း ဟောင်ကောင်မြို့၏ အကြီးဆုံး စစ်ရေးပြမှုသို့ တက်ရောက်ခဲ့ကာ တပ်ရင်းတပ်ဖွဲ့ ၂၀ ကို ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါ စစ်ရေးပြချီတက်မှုတွင် ရဟတ်ယာဉ်များနှင့် သံချပ်ကာယာဉ်များပါ ပါဝင်ခဲ့သည်။

ယခုရောက်ရှိလာသော တရုတ်လေယာဉ်တင်သင်္ဘော Liaoning သည် အရှည် ၃၀၅ မီတာရှိကာ ဆိုဗီယက်ခေတ်က တည်ဆောက်ထားသည့် နှစ် ၃၀ နီးပါးရှိ လေယာဉ်တင်သင်္ဘောအဟောင်းဖြစ်ပြီး တရုတ်က ပြန်လည်ဝယ်ယူကာ ၂၀၁၂ ခုနှစ်အတွင်း ပြန်လည်ရေချခဲ့သည့် သင်္ဘောဖြစ်သည်။

Liaoning လေယာဉ်တင်သင်္ဘောက ဟောင်ကောင်သို့ နံနက် ၇ နာရီခွဲတွင် ရောက်ရှိခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags