ဘန်ကောက်၊ ဇူလိုင် ၆ ။ ။ အာရှဒေသတွင်းက အကျိုးအမြတ်များသော ခရီးသွားလုပ်ငန်းများတွင် ဖမ်းဆီးဆင်များအား ခိုင်းစေအသုံးပြုနေရာ၌ ဆင်ဦးစီး၊ ဆင်ထိန်း မလောက်ငခြင်း၊ နုံချာသည့် အနေအထားတွင် ထားရှိခြင်းများ ရှိနေကြောင်း တိရစ္ဆာန်အခွင့်အရေးအဖွဲ့ဖြစ်သော ကမ္ဘာ့တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ WAP က ဇူလိုင် ၆ ရက်တွင် ထုတ်ပြန်သော Taken for Ride အစီရင်ခံစာက ဖော်ပြထားသည်။
WAP က နှစ်နှစ်ကြာ စုံစမ်းထောက်လှမ်းမှုကို အာရှဒေသတွင်းရှိ ခရီးသွားလုပ်ငန်းဆင်စခန်းများ ၂၂၀ ခုကို ကွင်းဆင်းစစ်ဆေးကာ အစီရင်ခံစာ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
အဆိုပါအစီရင်ခံစာတွင် အာရှခရီးသွားလုပ်ငန်းက ဆင်အများစုကို ထားရှိထားသည့် အခြေအနေသည် ဆိုးဝါးနုံချာပြီး လက်သင့်ခံစရာမရှိကြောင်း ဖော်ပြထားသည်။
"ခရီးသွားလုပ်ငန်းမှာ အခိုင်းမခံရချိန် စီးနင်းသူမရှိ၊ ဖျော်ဖြေရတဲ့အချိန် မရှိတဲ့အချိန်တွေမှာ ဆင်တွေကို နေ့ရော ညရော သံခြေချင်းခတ်ထားတာ များတယ်။ တော်တော်များများ ခတ်ထားတာကလည်း သုံးမီတာလောက်ပဲ အရှည်ရှိတယ်။ ကျွေးတဲ့ အစာအာဟာရကလည်း တော်တော်လေးဆိုးတယ်။"ဟု ယင်းအစီရင်ခံစာက ဆိုသည်။
ထိုအပြင် "တိရစ္ဆာန်ကု ဆရာဝန်တွေ ခေါ်ပြစစ်ဆေးစေတာမျိုးလည်း တော်တော်နည်းတယ်။ သံမံတလင်းကြမ်းခင်းမှာ တော်တော်များများ ထိန်းသိမ်းထားတာဖြစ်ပြီး ဆင်တွေကို ထားထားတဲ့နေရာကလည်း ဆူညံသံတွေ၊ ကမ္ဘာလှည့်ခရီးသွားတွေ သွားလာကြတဲ့ နေရာတွေနားမှာပဲ ဖြစ်တယ်။"ဟု ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။