ယခင်ပြုလုပ်ခဲ့သည့် စာပေညီလာခံများက အုပ်ချုပ်သူလူတန်းစားကိုသာ ကိုယ်စားပြုခဲ့၍ ပြည်သူတွေအတွက် အကျိုးမရှိဟုဆို

ယခင်ပြုလုပ်ခဲ့သည့် စာပေညီလာခံများက အုပ်ချုပ်သူလူတန်းစားကိုသာ ကိုယ်စားပြုခဲ့၍ ပြည်သူတွေအတွက် အကျိုးမရှိဟုဆို

ရန်ကုန်၊ဇူလိုင်၆ ။            ။ ယခင်တစ်ပါတီစနစ် အချိန်ကာလများက ပြုလုပ်ခဲ့သည့် စာပေညီလာခံများမှာ အုပ်ချုပ်သူလူတန်းစားအတွက်သာ ရည်ရွယ်ကာ စည်းဝါးကိုက်   ပြုလုပ်ထားခြင်းသာဖြစ်၍   ပြည်သူများအတွက် အကျိုးမရှိကြောင်း စာပေညီလာခံ(၂၀၁၇)ကျင်းပရေးကော်မတီ၏ ဒုဥက္ကဌ မောင်သွေးသစ်က မဇ္ဈိမကို ပြောသည်။

စာပေညီလာခံ(၂၀၁၇) ကျင်းပရေးနှင့်ပတ်သတ်၍ ဇူလိုင်(၆)ရက်က ရန်ကုန်မြို့(၃၇)လမ်းရှိ စာပေဗိမာန်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မဇ္ဈိမ၏အမေးကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

"ရှင်းရှင်းပြောရရင်တော့ ၆၂(၁၉၆၂) ခုနှစ် ကမ္ဘာအေးညီလာခံမှာလုပ်ခဲ့ရတဲ့ အစဉ်အလာကနေ စောစောပိုင်းလုပ်ခဲ့တဲ့ ညီလာခံတွေနဲ့မတူတဲ့ ကွဲပြားတဲ့အကြောင်းအရာအရကော ပုံသဏ္ဍာန်အရရော ကွဲပြားတယ်။ စောစောပိုင်းလုပ်ခဲ့တာက တစ်ပါတီအာဏာရှင်စနစ်ကလုပ်ခဲ့တဲ့အတွက် အဲဒီညီလာခံတွေအားလုံးဟာ မူပုံစံတစ်ခုတည်းလာတယ် အုပ်ချုပ်သူလူတန်းစားကို ကိုယ်စားပြုတဲ့ညီလာခံပဲဖြစ်တယ်။ ကြားလေဝင်သွေးလို့မရဘူး အဆိုပြုတယ်။ တင်သွင်းတယ်ဆိုတာ သူတို့ကစည်းဝါးကိုက်ထားပြီးလုပ်တယ်"ဟု စာပေညီလာခံ(၂၀၁၇)ကျင်းပရေးကော်မတီ၏ ဒုဥက္ကဌ မောင်သွေးသစ်က ဆိုသည်။

ယခုနှစ်(၂၀၁၇)ခုနှစ်၌ ပြုလုပ်မည့် စာပေညီလာခံသည် ယခင်နှစ်ညီလာခံများနှင့်မတူဘဲ စာပေလောကသားများပူးပေါင်းပြုလုပ်ခြင်းဖြစ်ပြီး စာပေလောက ဘုံအကျိုးစီးပွားအတွက် ရည်ရွယ်ထားကြောင်း၊ အဓိကအားဖြင့် အခက်အခဲများကို သက်ဆိုင်ရာအစိုးရအဖွဲ့ သိရှိစေရန်တင်ပြခြင်းဖြစ်သည်ဟု ညီလာခံကျင်းပရေးကော်မတီ၏ ဒုဥက္ကဌ မောင်သွေးသစ်က ဆိုသည်။

"ကျွန်တော်တို့အခုကျင်းပမယ့်ညီလာခံက စာရေးဆရာ၊ ကဗျာဆရာတွေ၊ စာအုပ်ထုတ်ဝေသူတွေပေါ့ စာဖတ်သူတွေအတွက် ဘုံအတွက်ကောင်းကျိုးဖြစ်မယ့် ညီလာခံပေါ့။ အဲဒီပေါ်ကနေ စာတမ်းတွေဖတ်မယ်၊ တင်ပြမယ် တင်ပြပြီးလို့သက်ဆိုင်ရာဌာနတွေသိသွားတဲ့အခါကျရင် အခက်အခဲတွေအားလုံးကူညီနိုင်ရင်ကူညီလိမ့်မယ် မကူညီနိုင်ရင်ဘူးဆိုရင်သူတို့အခက်အခဲကို ပြောလိမ့်မယ်"ဟု သူကဆက်ပြောသည်။

စာပေညီလာခံ(၂၀၁၇)ကို ကျင်းပနိုင်ရန်အတွက် နေရာထိုင်ခင်းပံ့ပိုးပေးခြင်း၊ သတင်းထုတ်ပြန်ပေးခြင်း၊ တာဝန်ရှိပုဂ္ဂိုလ်များအားဖိတ်ကြားပေးခြင်း၊ လုပ်အားပေးဝန်ထမ်းများပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့်က ဇွန်လ(၂၄)ရက် ပြန်ကြားရေးဝန်ကြီးဌာနနှင့် စာပေအဖွဲ့အစည်းများတွေ့ဆုံရာတွင် အတည်ပြုပြောကြားခဲ့သည်။

"ပြည်သူများကရွေးချယ်တင်မြှောက်လိုက်တဲ့ အိစုးရအသစ်လက်ထက်မှာ ပထမဦးဆုံးအကြိမ် စာပေလောကကြီးကောင်းရာကောင်းကျိုးအတွက် ဖော်ဆောင်တဲ့ ညီလာခံဖြစ်ပါတယ်။ ထပ်ပြောရရင်တော့ ပထမဦးဆုံးဗွေဇော်ဦးပါပဲ"ဟု ဒုဥက္ကဌ မောင်သွေးသစ်က ပြောပြသည်။

စာပေညီလာခံ(၂၀၁၇)တွင် စာအုပ်ခွန်(စာအုပ်များပေါ်တွင်ကောက်ခံသည့်အခွန်)ကိစ္စ၊ ဆက်သွယ်ရေးစာတိုက်စနစ်ကိုအသုံးပြု၍ စာအုပ်စာပေများကိုဈေးနူန်းသက်သာစွာပို့ဆောင်နိုင်ရန်၊ လွတ်လပ်စွာရေးသားဖော်ထုတ်ခွင့်အား ထိခိုက်နေသော ဆက်သွယ်ရေးဥပဒေ ၆၆(ယ)ပြဿနာများကို ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်သည်။ ဒါ့အပြင်အနယ်နယ်အရပ်ရပ်မှ စာပေပညာရှင်များပါဝင်မည်ဖြစ်၍ စာပေလောက၌ တွေ့ကြုံနေရသည့် အခက်အခဲများကို ရှု့ထောင့်မျိုးစုံမှ ဆွေးနွေးသွားမည်ဖြစ်သည်။

ညီလာခံမှ ဆွေးနွေးမှုရလာဒ်များကို ဆုံးဖြတ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနသို့ ပြန်ကြားရေးဝန်ကြီးဌာနမှတစ်ဆင့် အကောင်ထည်ဖော်ဆောင်ရွက်စေမည်ဖြစ်ကြောင်း ဇူလိုင် ၆ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ စာပေညီလာခံ(၂၀၁၇) ကျင်းပရေးကော်မတီကို ရန်ကုန်မြို့သံဈေးရှိ Yangon Book Plaza၌ ဖွင့်လှစ်ထားရှိပြီး ကော်မတီဝင် (၂၅)ဦးဖြင့် ဆောင်ရွက်နေသည်။ စာပေအဖွဲ့အစည်း(၁၀)ခုပူးပေါင်းဆောင်ရွက်ကာ ၂၀၁၇စာပေညီလာခံအား ဒီဇင်ဘာလ ၁၃၊ ၁၄၊ ၁၅ရက်နေ့များ၌ ရန်ကုန်မြို့တွင် ကျင်းပသွားမည်ဖြစ်သည်။

စာပေအဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံစာရေးဆရာများအသင်း၊ မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂ၊ မြန်မာနိုင်ငံကဗျာဆရာသမဂ္ဂ၊ မြန်မာနိုင်ငံစာပေချစ်မြတ်နိုးသူများအသင်း၊ မြန်မာနိုင်ငံစာပေပြန့်ပွားရေးအသင်း၊ PEN Myanmar၊ မြန်မာနိုင်ငံဘာသာပြန်စာပေကွန်ရက်၊ မြန်မာနိုင်ငံစာရေးဆရာကလပ်၊ မြန်မာနိုင်ငံထုတ်ဝေဖြန့်ချိသူများအသင်းနှင့် အထက်ဗမာနိုင်ငံစာရေးဆရာအသင်းတို့ ပါဝင်ဆောင်ရွက်မည်ဖြစ်သည်။ စာပေညီလာခံ(၂၀၁၇)၌ ဝင်ရောက်ဆွေးနွေးလိုသူများ၊ တက်ရောက်လေ့လာလိုသူများအတွက် စာရင်းပေးသွင်းရမည့် နေ့ရက်များကို ထုတ်ပြန်သွားမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly