ရှင်ကျန်စစ်သွေးကြွများကို တိုက်ဖျက်ရာတွင် အမေရိကန်က ကူညီရန် တရုတ်မေတ္တာရပ်ခံ

ရှင်ကျန်စစ်သွေးကြွများကို တိုက်ဖျက်ရာတွင် အမေရိကန်က ကူညီရန် တရုတ်မေတ္တာရပ်ခံ

ပေကျင်း၊ သြဂုတ် - ၅ ။        ။ ဝေးခေါင်သော တရုတ်နိုင်ငံအနောက်ပိုင်းမှ အစ္စလာမ်စစ်သွေးကြွများမှာ အမေရိကန်ပြည်ထောင်စုအတွက်လည်း အန္တရာယ်တစ်ခုဖြစ်သောကြောင့် ၎င်းတို့အား တိုက်ဖျက်ရာတွင် အမေရိကန်က အကူအညီပေးရန် တရုတ်ကမေတ္တာရပ်ခံတောင်းဆိုလိုက်သည်။

တရုတ်အာဏာပိုင်များ၏ ပြောကြားချက်အရ တရုတ်နိုင်ငံသို့ ပြန်ဝင်လာပြီး ဘာသာရေးစစ်ပွဲ ဆင်နွှဲရန် ရည်ရွယ်ချက်ဖြင့် အရှေ့တာကီစတန်အစ္စလာမ်လှုပ်ရှားမှုအဖွဲ့ (ETIM)က ရှင်ကျန်ပြည်နယ်မှ မွတ်စလင်အများစုဖြစ်သည့် ဝီဂါ (Uighurs)လူမျိုးများကို သိမ်းသွင်းပြီး ဆီးရီးယားနှင့် အီရတ်တို့မှ အကြမ်းဖက်သမားများနှင့် ဆက်သွယ်ကာလေ့ကျင့်ပေးနေသည်ဟု ဆိုသည်။

သို့ရာတွင် နိုင်ငံခြားကျွမ်းကျင်သူများကမူ ETIM မှာ တရုတ်ပြောသလို တကယ်ရှိသော အဖွဲ့အစည်းလားဟူသည် ကိုမေးခွန်းထုတ်နေကြသည်။

တရုတ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ချန်းကောက်ဖျင်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြမ်းဖက်မှုတိုက်ဖျက်ရေးဗျူရို၏ သံအမတ်ကြီး တီနာ ခယ်ဒါနောင်းတို့နှစ်ဦးကြား တွေ့ဆုံဆွေးနွေးအပြီးတွင် အကြမ်းဖက်မှုအန္တရာယ်မှာ နေ့စဉ်နှင့်အမျှ ပိုမိုရှုပ်ထွေးလာသည်နှင့်အမျှ ပိုမိုပြင်းထန်လာသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ်လ ၄ ရက်နှောင်း ပိုင်းတွင် ပြောကြားခဲ့သည်။

''တရုတ်၊ အမေရကန်ပြည်ထောင်စုနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအတွက် ETIm နဲ့ အခြားအရှေ့တာကီစတန် အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ အန္တရာယ်က ကြီးမားပြင်းထန်တယ်ဆိုတာ အလေးအနက်ပြောလိုပြီး၊ အရှေ့တာကီစတန်အကြမ်းဖက်အင်အားစုတွေရဲ့ လုပ်ရပ်တွေကို တိုက်ဖျက်တားဆီးရာမှာ အမေရိကန်ပြည်ထောင်စုက အားနဲအင်နဲ့ ထောက်ခံပူးပေါင်းဖို့ တောင်းဆိုပါတယ်''ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

နှစ်နိုင်ငံစလုံးက ဆိုက်ဘာအကြမ်းဖက်မှု၊ အကြမ်းဖက်သော အစွန်းရောက်ဝါဒကို တိုက်ဖျက်သွားရန်နှင့် အကြမ်းဖက်မှုကို ဆန့်ကျင်တိုက်ဖျက်ရာတွင် ထောက်လှမ်းရေး အချက်အလက် များကို တိုးမြှင့်ဖလှယ်သွားရန် သဘောတူခဲ့ကြသည်ဟု ဆိုသည်။

လူ့အခွင့်အရေးအုပ်စုများကမူ ယင်းရွှေ့ပြောင်းအခြေချများမှာ ရှင်ကျန်မှ လူမျိုးရေးအကြမ်းဖက်မှုနှင့် ၎င်းတို့၏ ဘာသာရေးနှင့် ယဉ်ကျေးမှုကို တရုတ်အစိုးရ၏ ထိန်းချုပ်မှုအောက်မှ ထွက်ပြေးသွားသူများဖြစ်သည်ဟု ပြောကြားနေပြီး ပေကျင်းအစိုးရကမူ စွပ်စွဲချက်များကို ငြင်းဆန်ထားသည်။

လွန်ခဲ့သည့်သုံးနှစ်အတွင်း ရှင်ကျန်မှ အဓိကရုဏ်းများတွင် လူရာပေါင်းများစွာ သေဆုံးခဲ့ရရာ ပေကျင်းကမူ အစ္စလာမ် စစ်သွေးကြွများကြောင့်ဖြစ်ရသည်ဟု ပြစ်တင်ရှုတ်ချခဲ့သည်။
သို့ရာတွင် အကြမ်းဖက်မှုများမှာ ETIM အဖွဲ့နှင့် ဆက်နွယ်နေသေည့် အထောက်အထားကိုမူ တရုတ်အာဏာပိုင်များက ဖော်ထုတ်ပြသနိုင်ခဲ့ခြင်းမရှိခဲ့ပေ။ ဝါရှင်တန်ကမူ စက်တင်ဘာ ၁၁ရက် တိုက်ခိုက်မှုများအပြီးတွင် ETIM ကို အကြမ်းဖက်အုပ်စုတစ်စုအဖြစ် သတ်မှတ်ထားခဲ့သည်။

၂၀၁၄ခုနှစ် မတ်လက အနောက်တောင်ပိုင်း ကူမင်းမြို့ ဘူတာရုံတစ်ခုတွင် လူ ၃၁ ဦးသေဆုံးခဲ့ရသည့် အစုလိုက်အပြုံလိုက် ဓားဖြင့်ထိုးမှုအပါအဝင် မကြာသေးမီနှစ်များအတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားလာခဲ့ပြီးနောက်တွင် တရုတ်နိုင်ငံမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly