ပြည်မြို့တွင် မိသားစုရန်ပွဲ မှ ဓါးထိုးခံရသူ အမျိုးသမီးကွယ်လွန်

ပြည်မြို့တွင် မိသားစုရန်ပွဲ မှ ဓါးထိုးခံရသူ အမျိုးသမီးကွယ်လွန်

ပြည်၊ ဇူလိုင် ၅  ။         ။ ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ ပြည်သာယာရပ်ကွက် အောင်ဆန်းအပိုင်း (၁) တွင် ဖြစ်ပွားခဲ့သော  မိသားစုဝင်အချင်းချင်းရန်ဖြစ်ရာမှ ဓါးထိုးခံရသူ သုံးဦးအနက် မနှင်းအိဆွေ ဆိုသူ အမျိုးသမီး သည် ဇူလိုင်လ ၅ ရက်နေ့ နေ့လည် ၂ နာရီခွဲအချိန်က ကွယ်လွန်ခဲ့ကြောင်းသိရသည်။ 

မနှင်းအိဆွေ အသက် ၃၁ နှစ် တွင် ယာရင်အုံထိုးသွင်းဒဏ်ရာ တစ်ချက် ၊ဝဲလက်ဖျံပြတ်ရှဒဏ်ရာတစ်ချက် ၊ ဆီးခုံထိုးသွင်းဒဏ်ရာတစ်ချက် ရရှိခဲ့ပြီး ပြည်မြို့ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရာမှ ဒဏ်ရာဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ 

ဖြစ်စဉ်မှာ ဇူလိုင်လ ၃ ရက်နေ့၊  ည ၇ နာရီအချိန်က ပြည်မြို့ ပြည်သာယာရပ်ကွက် အောင်ဆန်းအပိုင်း (၁) ချစ်မ၀ လမ်းရှိ မိသားစုဝင်များ စုပေါင်းနေထိုင်သည့် နေအိမ်တစ်ခုတွင် မနှင်းအိဆွေ၏သမီး မမိုးစပါယ်ဖြူ ၂ နှစ် ၇ လ တူမ ဖြစ်သူ မစုလတ် ၁နှစ်နှင့် ၃ လ တို့ အတူ ဆော့ကစားနေခဲ့သည်။ 

မမိုးစပါယ်ဖြူ က မစုလတ် ၏ ဦးခေါင်းကိုလက်ဖြင့်ပုတ်သည့် အတွက်  မမိုးစပါယ်ဖြူ ၏ ဖခင်ဇင်သူထက် ၊ မိခင် မနှင်းအိဆွေ နှင့် မစုလတ်၏ ဖခင် ရဲမင်းသူ (မနှင်းအိဆွေ ၏ညီမ ယောကျာၤး)တို့ စကားများ ရန်ဖြစ်ခဲ့ကြသည်။ 

ထိုသို့စကားများစဉ် ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားသည့်အတွက် ဇင်သူထက်၏ ဖခင် ဦးချိုကြီး ရောက်ရှိလာပြီး ရဲမင်းသူ နှင့်ဆက်လက်စကားများခဲ့သည်။ ရဲမင်းသူက လက်တွင်ကိုင်ထားသော မီးဖိုချောင်သုံးဓါးဖြင့် ဇင်ကိုထက်အားထိုးမည်ပြုသဖြင့် ဇင်သူထက်၏ ဖခင် ဦးချိုကြီးက ဝင်ရောက်တားမြစ်ခဲ့သည်။ 

ရဲမင်းသူက ဦးချိုကြီးအားဓါးဖြင့်ထိုးပြီး ဇင်သူထက်နှင့် မနှင်းအိဆွေ တို့ကိုလည်း ဓါးဖြင့်ထိုးခဲ့သည်။ အဆိုပါဖြစ်စဉ်တွင် ဒဏ်ရာရရှိသူ ကိုချိုကြီး ၊ ဇင်သူထက် ၊ မနှင်းအိဆွေ တို့ဒဏ်ရာရခဲ့ပြီး ပြည်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့သည်။ 

ဓါးထိုးသူ ရဲမင်းသူမှာ ဖြစ်စဉ်အပြီးထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး ယခု ဇူလိုင်လ ၅ ရက်နေ့ နေ့လည် ၃ နာရီအချိန်အထိ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခြင်းမရှိသေးပေ။ 

“ကျွန်မတို့ တရားခံကို စုံစမ်းဆဲရှိပါသေးတယ်”ဟု ပြည်မြို့အမှတ်(၃)ရဲစခန်းမှ တာဝန်ကျ ရဲမေ တစ်ဦးက ပြောသည်။ 

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြည်မြို့မှတ်(၃) ရဲစခန်းတွင် ရဲမင်းသူ ၂၄ နှစ် MPT ဆက်သွယ်ရေး နေ့စားဝန်ထမ်းကို (ပ) ၉၃၈/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ ၃၂၆/၃၂၄ ဖြင့် အမှုဖွင့်ထားပြီး မနှင်းအိဆွေ သေဆုံးသွားသည့်အတွက် ပုဒ်မပြောင်းလဲဖွင့်လှစ်ရမည်ဟု အမှတ်(၃)ရဲစခန်းမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly