ပြည်မြို့ ROYAL STAR စားသောက်ဆိုင် လူသတ်မှုအတွက် တစ်ဦး ထပ်အဖမ်းခံ

ပြည်မြို့ ROYAL STAR စားသောက်ဆိုင် လူသတ်မှုအတွက် တစ်ဦး ထပ်အဖမ်းခံ

ပြည်၊ ဇူလိုင် ၅ ။                ။ ပဲခူးတိုင်း၊ ပြည်ခရိုင် ပြည်မြို့၊ နဝဒေးရပ်ကွက် ကုန်တင်ကုန်ချဝင်းအတွင်းရှိ ROYAL STAR စားသောက်ဆိုင်တွင် ဖြစ်ပွားခဲ့သော လူသတ်မှုအတွက် ဇူလိုင် ၄ ရက်က စွပ်စွဲခံရသူတစ်ဦး ထပ်မံလာရောက်အဖမ်းခံခဲ့သည်။

ဇူလိုင်လ ၄ ရက်၊ ည ၁၀ နာရီ က ဖြစ်စဉ်အပြီး ထွက်ပြေးတိမ်းရှောင်နေသည့် ဝိတ်တာ ကိုပြည့်ဖြိုးအောင် (ခ) ရဲဘော် ၂၄ နှစ် သည်  ပြည်မြို့မစခန်းမှူး ဒုရဲမှူးတင်ကို နှင့် ရဲတပ်ဖွဲ့ ထံ လာရောက်အဖမ်းခံခဲ့ခြင်းဖြစ်သည်။

၎င်း ဝိတ်တာကိုပြည့်ဖြိုးအောင်သည် ရန်ဖြစ်ပြီး လဲနေသူတစ်ဦးကို အပြင်သို့ သယ်ထုတ်ခဲ့ကြောင်း CCTV မှတ်တမ်းအရသိရသည်။

“ရန်ဖြစ်တော့ ကျွန်တော် အပြင်ထွက်ပြေးသွားတာ ။ ပြန်လာတဲ့အချိန် ဇော်ဦးက မ ပေးပါဦးဆိုလို့ ကျွန်တော်သယ်ပေးခဲ့ရတယ်။ ဘယ်သူမှန်းတော့ မသိဘူး ။ သေမှန်းရှင်မှန်းလည်းမသိ သယ်ပေးပါဆိုလို့သာ သယ်ပေးရတာ”ဟု ကိုပြည့်ဖြိုးအောင်က ထွက်ဆိုသည်။

၎င်းစားသောက်ဆိုင်တွင် ဇွန်လ ၂၈ ရက်ညပိုင်းက လာရောက်စားသောက်သူ (၃)ဦး နှင့် ဧည့်ကြိုဝန်ထမ်းများ ရန်ဖြစ်ခဲ့ပြီး  စားသောက်သူ တစ်ဦးသေဆုံး၊  နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ယခု လာရောက်အဖမ်းခံသော ကိုပြည့်ဖြိုးအောင် အပါအဝင် ဆိုင်ဝန်ထမ်း ၈ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့သော်လည်း ထပ်မံဖမ်းဆီးရန် ၅ ဦးကျန်နေသေးသည်။

ဇွန်လ ၂၈ ရက် ည ၉ နာရီ့်က ဇာနည်ထွန်း (ခ) အာကြီး (၂၃)နှစ် ၊ သော်ဇင်အောင် (၂၄)နှစ် ၊ နိုင်ဝေယံ (၂၄)နှစ်တို့သည် သီချင်းဆိုရန် ROYAL STAR စားသောက်ဆိုင်သို့  ရောက်ရှိလာပြီး KTV ခန်း ကိစ္စစကားပြောရာမှ ဆိုင်ရှိဧည့်ကြိုဝန်ထမ်းများနှင့် အဆင်မပြေဖြစ်ခဲ့သည်။

ဇာနည်ထွန်း (ခ) အာကြီးက ဧည့်ကြိုများကို လိုက်လံထိုးကြိတ်သည့်အတွက် ဧည့်ကြိုဝန်ထမ်းခေါင်းဆောင် လက်ထောက်ခေါင်းဆောင် စိုင်းလူ ခေါင်းဆောင်သော ဧည့်ကြို ၁၅ ဦးခန့်က  ဝိုင်းဝန်းထိုးကြိတ်ကာ တုတ်ဖြင့်ရိုက်ခြင်း ၊ ဓါးမြှောင်ဖြင့် ထိုးခြင်းများ ပြန်လည် ပြုလုပ်ခဲ့သည်။

ထို့ကြောင့် ဇာနည်ထွန်း(ခ) အာကြီးတွင် ယာဘက်ရင်အုံ တွင် (၁)လက်မခန့်ထိုးသွင်းဒဏ်ရာ(၁)ချက် ၊ ဦးခေါင်းထိပ်ယာဘက်တွင် (၂) လက်မခန့်ပြတ်ရှဒဏ်ရာ(၁)ချက် တို့ရရှိခဲ့ပြီးအခင်းဖြစ်နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့သည်။ သော်ဇင်အောင်တွင် ရင်ခေါင်း တစ်လက်မ ခန့်ထိုးသွင်းဒဏ်ရာ (၁)ချက် ၊ ယာဘက်နံဘေး (၁)လက်မခန့်ထိုးသွင်းဒဏ်ရာ (၁)ချက် ၊ ရရှိခဲ့သည်။ နိုင်ဝေယံတွင် ယာဘက်ဂျိုစောင်း (၁)လက်မခန့်ပြတ်ရှဒဏ်ရာ(၁)ချက် ၊ ယာဘက်နံဘေး(၁)လက်မခန့် ထိုးသွင်းဒဏ်ရာ(၁)ချက်ရရှိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သတ်ပြီး မြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆/၃၂၄/၃၂၃/၁၁၄ ဖြင့် စားသောက်ဆိုင်ဝန်ထမ်းများကို  အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly