နောက်ဆုံးဒုံးကျည်စမ်းသပ်မှုကြောင့် မြောက်ကိုရီးယားခေါင်းဆောင်ကို ဒေါ်နယ်ထရမ့် ပြင်းပြင်းထန်ထန် သတိပေး

နောက်ဆုံးဒုံးကျည်စမ်းသပ်မှုကြောင့် မြောက်ကိုရီးယားခေါင်းဆောင်ကို ဒေါ်နယ်ထရမ့် ပြင်းပြင်းထန်ထန် သတိပေး

ဝါရှင်တန်၊ ဇူလိုင် ၄ ။              ။ မြောက်ကိုရီးယားနိုင်ငံ၏ နောက်ဆုံးဒုံးကျည်စမ်းသပ်မှုနှင့် ပတ်သက်ကာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြင်းပြင်းထန်ထန် ပြောဆိုသတိပေးသည်။

မြောက်ကိုရီးယား ခေါင်းဆောင်အနေဖြင့် ကောင်းမွန်တာ ဘာတစ်ခုမျှ မလုပ်နိုင်ဘူးလားဟု မေးခွန်းထုတ်လိုက်သကဲ့သို့ တောင်ကိုရီးယားနှင့် ဂျပန်တို့၏ သည်းခံနိုင်မှု အတိုင်းအတာက ကုန်လွန်သွားပြီဟုလည်း သမ္မတ ထရမ့်က သတိပေးလိုက်သည်။

“မြောက်ကိုရီးယားနိုင်ငံက နောက်ထပ် ဒုံးကျည်စမ်းသပ်မှုကို လုပ်ခဲ့တယ်။ ဒီက ခေါင်းဆောင်အနေနဲ့ သူ့ဘဝမှာ အခြားကောင်းမွန်တဲ့ အရာတွေ မလုပ်နိုင်တော့ဘူးလား။”ဟု ထရမ့်က တွစ်တာတွင် ရေးသားလိုက်သည်။

“တောင်ကိုရီးယားနဲ့ ဂျပန်တို့က ရေရှည် သည်းခံနိုင်ဖို့ဆိုတာ ခက်ခဲသွားပြီ။ တရုတ်ကလည်း မြောက်ကိုရီးယားအပေါ် ပြင်းပြင်းထန်ထန် ဆက်ဆံလာချင် လာလိမ့်မယ်။”ဟုလည်း ထရမ့်က ဆိုသည်။

မြောက်ကိုရီးယားနိုင်ငံသည် တာလတ်ပစ်ပဲ့ထိန်းဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားနှင့် အမေရိကန် တာဝန်ရှိသူများက ပြောသည်။

ရုရှနိုင်ငံကမူ ယခုပစ်လွှတ်သည့် ဒုံးကျည်သည် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်အမျိုးအစားဖြစ်ကြောင်း ပြောသည်။

မြောက်ကိုရီးယားက နောက်ဆုံးပစ်လွှတ်ခဲ့သော ယခုဒုံးကျည်သည် အကွာအဝေး ကီလိုမီတာ ၉၃၀ အထိ ပျံသန်းပြီး ဂျပန်ပင်လယ် အထူးစီးပွားရေးဇုန် ရေပိုင်နက်အတွင်း ကျရောက်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်နှင့် ဂျပန်အစိုးရတို့က ပြောထားသည်။

ယခု ဒုံးကျည်မှာ တာလတ်ပစ်ဒုံးကျည်အမျိုးအစား ဖြစ်နိုင်ကြောင်း၊ သို့သော် စစ်တပ်အနေဖြင့် တိုက်ချင်းပစ်ဒုံးကျည် ဖြစ်နိုင်မဖြစ်နိုင်ကို စစ်ဆေးစောင့်ကြည့်လျက်ရှိကြောင်း တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်းက ပြောသည်။

မြောက်ကိုရီးယားနိုင်ငံသည် နိုင်ငံတကာအသိုင်းအဝန်းက သတိပေးနေသည့်ကြားက အမေရိကန်ထိ ပစ်ခတ်နိုင်စွမ်းသည့် နျူကလီးယားထိပ်ဖူးတပ် တိုက်ချင်းပစ် ဒုံးကျည်အား စမ်းသပ်လျက်ရှိနေခြင်းဖြစ်သည်။

 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags