တိုက်ချင်းပစ် ဒုံးကျည် အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့တယ်လို့ မြောက်ကိုရီးယားကြေညာ

တိုက်ချင်းပစ် ဒုံးကျည် အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့တယ်လို့ မြောက်ကိုရီးယားကြေညာ

ဇူလိုင် ၄ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်မှု အောင်မြင်ခဲ့တယ်ဆိုပြီး မြောက်ကိုရီးယားက ဇူလိုင် ၄ ရက်မှာပဲ ထုတ်ဖော်ကြေညာလိုက်ပါတယ်။

ကမ္ဘာ့တိုက်ကြီးတစ်ခုကနေ တစ်ခုထိရောက်အောင် ပစ်လွှတ်နိုင်မယ့် ယင်းရဲ့ပထမဆုံးသော တိုက်ချင်းပစ်ဒုံးကျည်တစ်စင်းကို အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့တာဖြစ်ပြီး ယခုဆိုရင် ယင်းဒုံးကျည်ဟာ ကမ္ဘာပေါ်က ဘယ်နေရာမဆို ရောက်ရှိနိုင်စွမ်း ရှိနေပြီဆိုပြီးတော့ပါ ပြုံယမ်းအာဏာပိုင်တွေက ကြွေးကြော်သွားပါတယ်။

မြောက်ကိုရီးယားတို့ရဲ့ အဆိုပါ ဒုံးကျည်ဟာ အလာစကာပြည်နယ်အထိ ရောက်နိုင်စွမ်းရှိကြောင်း အမေရိကန်ကျွမ်းကျင်ပညာရှင်တွေက ပြောဆိုခဲ့ကြပါတယ်။ လက်ရှိမှာအမေရိကန်တို့အနေနဲ့လည်း ၎င်းတို့ရဲ့လွတ်လပ်ရေးနေ့ကို ကျင်းပဖို့ပြင်ဆင်နေချိန်မှာပဲ ယခုလို ပြုံယမ်းအစိုးရက ဒုံးကျည်စမ်းသပ်မှုကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

မြောက်ကိုရီးယားတို့အနေနဲ့ကတော့ ပြီးခဲ့တဲ့ကာလတွေကတည်းက အမေရိကန်ထိ ရောက်နိုင်မယ့် နျူထိပ်ဖူးတပ် ဒုံးကျည်တစ်စင်း တည်ဆောက်နိုင်ဖို့ ကြိုးပမ်းနေခဲ့တာဖြစ်ပြီး ယင်းကိစ္စဟာ ဘယ်တော့မှာဖြစ်လာနိုင်မှာမဟုတ်ဘူးလို့လည်း တစ်ဘက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆိုထားပါတယ်။

လက်ရှိအချိန်မှာတော့ သမိုင်းဝင် Hwasong-14 ဒုံးကျည်စမ်းသပ်မှုကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းကိုယ်တိုင် ကြီးကြပ်ခဲ့တာဖြစ်တယ်လို့ နိုင်ငံပိုင် သတင်းအေဂျင်စီက ထုတ်ပြန်ကြေညာသွားပါတယ်။

ယင်း ဒုံးကျည်ဟာ အမြင့် ကီလိုမီတာ ၂,၈၀၂ နဲ့ အကွာအဝေး ၉၃၃ ကီလိုမီတာ အထိ ပျံသန်းခဲ့ကြောင်းလည်း ဖော်ပြခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း လက်ရှိအချိန်ထိ မြောက်ကိုရီးယားတို့အနေနဲ့ ဒုံးတွေမှာ အံဝင်ခွင်ကျတပ်ဆင်နိုင်လောက်အောင်နျူထိပ်ဖူးအရွယ်အစား သေးငယ်အောင်လုပ်နိုင်တဲ့ နည်းပညာ ထုတ်လုပ်နိုင်နေပြီလား ဆိုတဲ့အပေါ် ကျွမ်းကျင်သူတွေက သံသယတွေဖြစ်နေကြဆဲလို့ သိရပါတယ်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags