အာဖဂန် အရပ်သားသေကြေဒဏ်ရာရမှုမှာ ၂၀၁၅ခုနှစ်၏ ပထမနှစ်ဝက်တွင်ပင် စံချိန်တင်မြင့်မားလာဟု ကုလပြောကြား

အာဖဂန် အရပ်သားသေကြေဒဏ်ရာရမှုမှာ ၂၀၁၅ခုနှစ်၏ ပထမနှစ်ဝက်တွင်ပင် စံချိန်တင်မြင့်မားလာဟု ကုလပြောကြား

ကဘူး၊ သြဂုတ် - ၅ ။       ။ သြဂုတ်လ ၅ရက်နေ့က ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂ၏ ကိန်းဂဏန်းများအရ အာဖဂန်နစ္စတန်တွင် အရပ်သားသေဆုံးမှုမှာ ၂၀၁၅ခုနှစ်၏ ပထမနှစ်ဝက် ကာလတွင်ပင် စံချိန်တင်မြင့်မားခဲ့ပြီး နေတိုးမစ်ရှင် အဆုံးသတ်သွားပြီး ၆လအကြာတွင် လုံခြုံရေးအခြေအနေ ချိနဲ့အားနည်းလာမှုကို ဖော်ပြနေသည်ဟု ဆိုသည်။

ကုလအာဖဂန်နစ္စတန်မစ်ရှင်၏ သတင်းပို့ချက်အရ ဇန်နဝါရီလမှ ဇွန်လအတွင်း အရပ်သား ၁၅၉၂ဦး သေဆုံးခဲ့ပြီး ၃၃၂၉ဦး ဒဏ်ရာရရှိခဲ့သောကြောင့် ယမန်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁ရာခိုင်နှုန်း တိုးလာခဲ့သည်ဟု ဆိုသည်။

ကိန်းဂဏန်းများအရ အရပ်သားသေဆုံးမှုတွင် ၆ရာခိုင်နှုန်း ကျဆင်းသွားခဲ့သော်လည်း ဒဏ်ရာရသူ အရေအအတွက်တွင် ၄ရာခိုင်နှုန်း တိုးလာခဲ့သည်ဟု ဆိုသည်။

နိုင်ငံအနှံ့အပြားတွင် စိုးရိမ်ဖွယ်ရာ စစ်ပွဲများ ပျံ့နှံ့ဖြစ်ပွားလျှက်ရှိရာ မြေပြင်စစ်ပွဲများက လက်ဖြစ်ဗုံးခွဲတိုက်ခိုက်မှုများထက် ပိုမိုသေကြေဒဏ်ရာရစေပြီး အမျိုးသမီးနှင့် ကလေးငယ် အများဆုံး သေဆုံးသည်ဟုဆိုသည်။

''သေကြေဒဏ်ရာရတဲ့ အရပ်သားအရေအတွက်က ကလေးတွေ၊ မိခင်တွေ၊ သမီးတွေ၊ သားတွေ၊ ဖခင်တွေနဲ့ အာဖဂန်နစ္စတန်က အကြမ်းဖက်မှုရဲ့ အနိဌာရုံတွေကို လုံလုံလောက်လောက် မခြုံငုံမိပါဘူး''ဟု ကုလအာဖဂန်နစ္စတန်မစ်ရှင်အကြီးအကဲ နီကိုလတ်စ် ဟေဆမ်က ပြောကြားခဲ့သည်။

''ဒီအစီရင်ခံစာထဲက သေကြေဒဏ်ရာရ အရေအတွက်ကိန်းဂဏန်းတွေက ကြီးစွာသော စိတ်သောကရောက်နေတဲ့ မိသားစုတွေ၊ တုန်လှုပ်ခြောက်ခြားနေတဲ့ သာမန်အာဖဂန်ပြည်သူတွေရဲ့ ဆုံးရှုံးမှုတွေကို မထင်ဟပ်နိုင်ပါဘူး။ ဒါတွေက အာဖဂန်မှာ စစ်ပွဲရဲ့ လက်တွေ့အကျိုးဆက်တွေပါပဲ''ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

တာလီဘန်သူပုန်ထမှုမှာ ၎င်း၏ အရှေ့နှင့်တောင်ပိုင်း ခြေကုပ်စခန်းများမျ မြောက်ဘက်ဦးတည် ဖြန့်ကျက်လာရာ အာဖဂန်အစိုးရတပ်များမှာ ပထမဆုံးတိုက်ပွဲရာသီကို နေတိုးအထောက် အပံ့မပါဘဲ ရင်ဆိုင်နေရသောကြောင့် အဆိုပါ သေကြေဒဏ်ရာရမှု ကိန်းဂဏန်းအရေအတွက်က ကြီးထွားလာနေသည့် မလုံခြုံမှုကို မီးမောင်းထိုးပြနေသည်။ သေကြေဒဏ်ရာရသူများ၏
၇၀ရာခိုင်နှုန်းမှာ တာလီဘန်အပါအဝင် အစိုးရဆန့်ကျင်ရေးအင်အားစုများကြောင့် ဖြစ်သည်ဟုလည်း ကုလအာဖဂန်မစ်ရှင်က ၎င်း၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အမျိုးသမီးသေဆုံးမှုမှာ ၂၃ရာခိုင်နှုန်း၊ ကလေးသေဆုံးမှုမှာ ၁၃ရာခိုင်နှုန်း အသီးသီး တိုးမြင့်လာခဲ့ရာတွင် အများစုမှာ အပြန်အလှန်ပစ်ခတ်မှုများအတွင်း ပိတ်မိသွားခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။

အမေရိကန်ဦးဆောင်သည့် နေတိုးတပ်ဖွဲ့များမှာ ၎င်းတို့၏ အာဖဂန်မစ်ရှင်ကို ပြီးခဲ့သည့် ဒီဇင်ဘာလက အဆုံးသတ်ခဲ့ပြီး၊ လေ့ကျင့်သင်တန်းပေးရန်နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ဆင်ရေးများအတွက် တပ်သား ၁၃၀၀၀သာ ချန်ထားရစ်ခဲ့သောကြောင့် ပြည်တွင်းတပ်ဖွဲ့များအနေဖြင့် မိမိတို့ဖာသာ စစ်သွေးကြွများကို တိုက်ခိုက်ရတော့မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly