ချယ်ဟာနိုဂလူကို ယူရို ၂၅ သန်းဖြင့် အေစီမီလန်အသင်း ခေါ်ယူ

ချယ်ဟာနိုဂလူကို ယူရို ၂၅ သန်းဖြင့် အေစီမီလန်အသင်း ခေါ်ယူ

ဇူလိုင် ၄၊ မီလန်။             ။ အေစီမီလန်အသင်းသည် လေဗာကူဆင်ကွင်းလယ်ကစားသမား ချယ်ဟာနိုဂလူကို ခန့်မှန်းယူရို ၂၅ သန်းဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်သည်။

တူရကီလက်ရွေးစင်သည် ဆန်စီရိုတွင် လေးနှစ်စာချုပ်လိုက်ပြီး လက်ရှိနွေရာသီဈေးကွက်တွင် အလုပ်များနေသော မွန်တဲလား၏ အသင်းအတွက် ခြောက်ယောက်မြောက် ကစားသမားသစ်လည်း ဖြစ်လာခဲ့သည်။

၎င်းသည် မက်ဆက်ချီယို၊ ကက်ဆီ၊ ရိုဒရီဂွက်ဇ်၊ ဆေးလ်ဗား၊ ဘိုရီနီတို့နည်းတူ စီးရီးအေထိပ်သီးအသင်းထံ ပြောင်းရွှေ့ခဲ့ပြီး အသင်း၏လက်ရှိနွေရာသီအသုံးစရိတ်မှာ ယူရိုသန်း ၁၃၀ ဝန်းကျင်ရှိလာပြီဖြစ်သည်။

ချယ်ဟာနိုဂလူသည် ဘွန်ဒက်စ်လီဂါကလပ် လေဗာကူဆင်အသင်းတွင် သုံးနှစ်ကြာကစားခဲ့ပြီး ၇၉ ပွဲကစား၊ ၁၇ ဂိုးသွင်းထား သည့် ၎င်း၏ထူးခြားသည့်အရည်အချင်းမှာ တည်ကန်ဘောများကျွမ်းကျင်မှုဖြစ်သည်။

ချယ်ဟာနိုဂလူသည် ၂၀၁၁ ခုနှစ်က ထရက်ဇွန်စပေါအသင်းသို့ပြောင်းရွှေ့ရန်သဘောတူခဲ့ပြီး ယူရို ၁၀၀,၀၀၀ လည်းရယူခဲ့ပြီးမှ ကားလ်စရူဟာအသင်းနှင့်သာ စာချုပ်သက်တမ်းတိုးခဲ့၍ ဖီဖာထံတိုင်ကြားခံခဲ့ရသည်။

ထရက်ဇွန်စပေါက လျော်ကြေး ယူရိုတစ်သန်းလိုချင်သော်လည်း ဖီဖာက ယူရို ၁၀၀,၀၀၀ ကိုသာပြန်ပေးစေခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီတွင် လေးလပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့သည်။

ချယ်ဟာနိုဂလူက “လေဗာကူဆင်အသင်း၊ အသင်းဖော်တွေနဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ လေးလပွဲပယ်ခံရ ချိန်အတွင်းမှာတောင် ပရိသတ်တွေက အားပေးခဲ့ကြတာပါ”ဟု လေဗာကူဆင်အသင်း ဝက်ဘ်ဆိုက်သို့ ပြောသည်။

Ref; goal.com

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly